ကျောင်းတက်ရမည့်အရွယ်တွင် ကျောင်းသား ကျောင်းသူတိုင်း ကျောင်းတက်ခွင့်ရပြီး ပညာသင်ကြားနိုင်ရေး၊ ကျောင်းတက်နေသည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများ သင်ယူပြီးမြောက်စေရေးတို့ကို နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျက်စီးကာ ကျောင်းများကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့်အတွက် ပညာသင်ကြားသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးခဲ့ကြရသည်။ ယခုအခါနောင်ချိုမြို့တွင် အေးချမ်းသာယာ လာပြီဖြစ်၍ အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးနိုင်ခဲ့ပြီဖြစ်သည်။
နောင်ချိုမြို့နယ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ခါစ၌ ကျောင်း ၂၀ ဝန်းကျင်သာ ဖွင့်လှစ်နိုင်ခဲ့သော်လည်း ဒေသအာဏာပိုင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ရပ်ရွာလူထုများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခုစက်တင်ဘာလဆန်းတွင် အခြေခံပညာကျောင်းပေါင်း ၁၆၀ ကျော်အထိ ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၀၀၀ ကျော်ထိတိုးတက်လာပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြ ပြီဖြစ်သည်။ ဆက်လက်ဖွင့်လှစ်မည့်ကျောင်းများနှင့် ကျောင်းလာ တက်သည့် ကျောင်းသားအရေအတွက် နေ့စဉ်နှင့်အမျှ တိုးလာနေသည်မှာ ကြည်နူးစရာပင်။ တစ်နည်းဆိုသော် နောင်ချိုမြို့တွင် ပညာပန်းများ ပြန်လည်ပွင့်လန်းလာခြင်းပင်ဖြစ်သည်။
စာရေးသူသည် စက်တင်ဘာ ၁၂ ရက်က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် အတူ နောင်ချိုမြို့နယ်သို့ ပညာရေးမြှင့်တင်ရေး ခရီးစဉ်တွင် လိုက်ပါ၍ သတင်းရယူခွင့်ရခဲ့သည်။ ခရီးစဉ်အတွင်း အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပသည့် တွေ့ဆုံပွဲအပြီးတွင် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ၊ ကျောင်းသားမိဘ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခဲ့ရာ နောင်ချိုမြို့တွင် ပညာပန်းများ ပြန်လည်ပွင့်လန်းလာနေသည့် အခြေအနေနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ပီတိစကားသံများကို ယခုလိုကြားသိခဲ့ရသည်-
ဒေါ်နန်းညွန့်ညွန့်
ကျောင်းအုပ်ကြီး၊ အထက(လုံကာ)
ကျောင်းတွေ အခုလို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အင်မတန်ဝမ်းသာရပါတယ်။ ကျောင်းပိတ်ထားတဲ့အတွက် ကျွန်မတို့ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ အင်မတန် အားငယ်ခဲ့ရပါတယ်။ ကလေးတွေအတွက် စိတ်မချမ်းသာရပါဘူး။ ပညာသင်ကြားဖို့ တစ်နှစ်တာနောက်ကျသွားလို့ အင်မတန်စိတ်မကောင်းဖြစ်ရတယ်။ ကျောင်းပြန်ဖွင့်ချိန်မှာ မိဘတွေနဲ့ပူးပေါင်းပြီး ကလေးတွေကို ကျောင်းကိုရောက်အောင် ခေါ်ပါတယ်။ ကျောင်းပြန်တက်ဖို့ စီစဉ်ပါတယ်။ မိဘတွေကလည်း ကလေးတွေကို ပညာတတ်စေချင်ကြတယ်။ နိုင်ငံတော်အစိုးရက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ အခုလို ကျောင်းတွေ အချိန်မီပြန်ဖွင့်ပေးတဲ့အတွက် ကျွန်မတို့ ဆရာ ဆရာမတွေကလည်း အားတက်သရော အချိန်ပိုတွေ သင်ကြားပေးနေပါတယ်။ ဒါကြောင့် ကျွန်မတို့က အချိန်နဲ့တစ်ပြေးညီ ကျောင်းပြန်ဖွင့်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းသား ကျောင်းသူတွေကလည်း စိတ်အားတက်ကြွစွာနဲ့ စာသင်နေကြပါတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့လိုအပ်ချက်တွေကို မိဘ၊ ဆရာ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကော်မတီတွေက ပူးပေါင်းပြီး ဆောင်ရွက်သလို နိုင်ငံတော်အစိုးရကလည်း ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေကို အချိန်နဲ့တစ်ပြေးညီ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒေါ်လှလှမြင့်
ကျောင်းသားမိဘ၊ ဘူတာရပ်
ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အပေါ် အတိုင်းမသိ ဝမ်းသာပါတယ်။ ဆရာ ဆရာမအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ယာယီတိုက်ပွဲရှောင်ကာလမှာသွားရေး၊လာရေး အပါအဝင်ကျွန်မတို့ အတော်ဒုက္ခရောက်ခဲ့ ရပါတယ်။ အခုလိုနောင်ချိုမြို့မှာ ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ကျွန်မတို့ ကလေးတွေအတွက် ဝမ်းသာရပါတယ်။
ဆရာမ ဒေါ်ဖြူဖြူလွင်
အလယ်တန်းပြ အထက(၁) နောင်ချို
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်၊ အဲဒီနေ့က အင်္ဂါနေ့ပါ။ တနင်္လာနေ့မှာ ကျွန်မတို့ ကျောင်းတက် သေးတယ်။ အင်္ဂါနေ့မနက် ကျောင်းတက်မယ့် အချိန်မှာ ရုတ်တရက်ဖြစ်သွားတော့ ကျွန်မတို့ ကလေးတွေနဲ့ ခွဲခွာလိုက်ရပါ တယ်။ မနှစ်တုန်းက Grade-9 မှာ ကျောင်းသား ၂၉၀ လောက်ရှိတယ်။ သူတို့ကို ကျွန်မပညာ မသင်ပေးနိုင်ခဲ့ပါဘူး။ အခုတော့ကျွန်မတို့ အားကြိုးမာန်တက် သင်ကြားနေပါတယ်။ အခက်အခဲတွေကြားထဲမှာ လာပြီးပညာသင်တဲ့အတွက် ကျွန်မဝမ်းသာပါတယ်။ ဒီထက်အများကြီး လာစေချင်ပါတယ်။ တချို့ကလေးတွေက တခြား မြို့တွေမှာသွားပြီး ပညာသင်ကြတယ်ထင်ပါတယ်။ အခု ဒီအတန်းမှာရှိတဲ့ကလေးတွေက မနှစ်က တစ်နှစ်ပတ်လုံး စာမသင်ခဲ့ရတဲ့ ကလေးတွေဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကျောင်းသားအဟောင်းလေးတွေပါ။ ကျွန်မတို့ရဲ့ Register ထဲမှာရှိတဲ့ ကလေးတွေအကုန် ပြန်လာပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ အဝေးမှာရောက်ပြီး မသင်ရသေးတဲ့ကလေးတွေ ပြန်ပြီးတော့ လာကြပါလို့ ဖိတ်ခေါ် ပါတယ်။ အားလုံးကို ပညာသင်ပေးချင်ပါတယ်။
မောင်ဇင်ယော်ထွန်း၊ Grade-11 အထက(၁) နောင်ချို
သားတို့ ကျောင်းပိတ်ထားတဲ့ အခါကျတော့ ဒုက္ခရောက်ခဲ့တယ်။ ကိုယ့်အိမ်တွေ၊ ဆိုင်တွေကိုလည်း ပစ်သွားခဲ့ရတယ်။ သားတို့ရဲ့ သူငယ်ချင်းတွေကျတော့ တခြားမြို့တွေမှာသွားပြီး ကျောင်းတက် နိုင်တယ်။ သားတို့ကျတော့ တခြားနေရာမှာသွားပြီး ကျောင်း တက်ဖို့ဆိုရင် လိုအပ်ချက်တွေရှိတယ်။ မိသားစုရေးရာရော၊ စားဝတ်နေရေးရော လိုအပ်ချက်တွေ ရှိတဲ့အတွက်ကြောင့် ကျောင်းမတက်ဘဲ မိသားစုစီးပွားရေးကိုပဲ အတူတူကူပြီးလုပ်ခဲ့ရတယ်။ သားသူငယ်ချင်းတချို့လည်း တက်နိုင်တယ်။ တချို့က မတက်နိုင်ပါဘူး။ အခုတော့ ပြန်လာပြီး ကျောင်းတက်ကြတယ်။ ပြန်မလာသေးတဲ့ သူငယ်ချင်းတွေကိုလည်း သားတို့နဲ့အတူ ပြန်လာပြီးတက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခုအေးချမ်းသွားပါပြီ။ သားတို့ကျောင်းမှာလည်း ဆရာဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေအားလုံး တက်ညီလက်ညီနဲ့ ကြိုးကြိုးစားစားစာတွေကို သင်ယူနေကြပါတယ်။
မနန်းမေဖူးစံ၊ Grade-10
အထက(၁) နောင်ချို
သမီးတို့က ဒီမှာ ကျောင်းစပိတ်တဲ့အချိန်မှာ ရှောင်ခဲ့ရပါတယ်။ အလောတကြီး ရှောင်ရတဲ့အချိန်မှာ ဘာပစ္စည်းမှ မယူနိုင်ခဲ့တဲ့အတွက် ကျောင်းတက်ဖို့လည်း ခက်ခဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျောင်းကနေစပြီး ပြေးခဲ့ရတာ လည်းဖြစ်တဲ့အတွက် အိမ်ကမိသားစုတွေနဲ့ တကွဲတပြားစီ ဖြစ်ကုန်ပြီး ဘာမှပါမလာတဲ့အတွက် ဝတ်ဖို့၊ စားဖို့တောင် မနည်းကိုရုန်းကန်ခဲ့ရပါတယ်။ အခက်အခဲတွေလည်းအများကြီး ရှိခဲ့တယ်။ ကိုယ့်အိုး ကိုယ့်အိမ်မဟုတ်တဲ့အတွက် သူများရဲ့အရိပ် အခြည်ကိုလည်းကြည့်ရပါတယ်။
ပြီးတော့ ကိုယ့်အရပ်ဒေသ မဟုတ်တဲ့အတွက် ဘယ်ကနေ ဘယ်လိုစပြီး လှုပ်ရှားရမယ်ဆိုတာကို မသိခဲ့ပါဘူး။ အခုကျောင်းပြန်ဖွင့်တဲ့အချိန်မှာ ကိုယ့်နေရာဒေသကို ပြန်လာပြီး ကိုယ့်အိမ်ကနေပဲ ကျောင်းတက်ရတယ်ဆိုတော့ အဆင်ပြေပါတယ်။ ကိုယ့် အရပ်ကိုယ့်ဒေသမို့ ပျော်ပါတယ်။ စားဖို့ သောက်ဖို့ဆိုတာလည်း ပူစရာမလိုတော့ဘူး။ စိတ်ပူစရာ မလိုတော့ဘူး။ ကိုယ်အရင်တုန်းက နေခဲ့ရတဲ့ နေရာလည်းဖြစ်လို့ ပျော်ပါတယ်။ သမီးတို့သူငယ်ချင်းတွေထဲမှာ ကွဲသွားတဲ့သူငယ်ချင်း တွေလည်းရှိတယ်။ အခုပြန်မတက်နိုင်သေးတဲ့ သူငယ်ချင်းတွေကိုလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ပြန်နေလို့ရပြီဖြစ်တဲ့အတွက်အရင်လို ပြန်လည်ငြိမ်းချမ်းနေပြီ ဖြစ်လို့ ပြန်လာစေချင်ပါတယ်။ အခုလို ကျောင်းပြန်တက်နိုင်အောင် လုပ်ပေးခဲ့တဲ့လူကြီးတွေ ရော၊ ဆရာ ဆရာမတွေရော ကျေးဇူးတင်ပါတယ်။ သမီးတို့လည်း ပျော်ရွှင်ရပါတယ်။
နိုင်ငံတော်အစိုးရနှင့် မိဘ ပြည်သူများ၊ ဆရာ ဆရာမများ၏ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်မှုကြောင့် နောင်ချိုမြို့တွင် ကျောင်းများ အရှိန်အဟုန်ဖြင့် ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည်။ ယခုပညာသင်နှစ်တွင် နောင်ချိုမြို့၌ ပညာပန်းများ ပြန်လည်ပွင့်လန်းနေပြီ ဖြစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေကြသည်ကို တွေ့မြင်ကြ ရပြီဖြစ်သည်။ ဤဒေသတွင် ပညာသင်ယူမှုအခွင့်အလမ်းများ အပြည့်အဝရရှိခြင်းနှင့်အတူ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝတို့သည်လည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာတော့မည်မှာ မလွဲဧကန်ပင် ဖြစ်ပါတော့သည်။