Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း) စိုက်ပျိုးရေဖူလုံစွာရရှိရေးနှင့် လျာထားစိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ကြိုးပမ်း

နေပြည်တော် စက်တင်ဘာ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့ရှိ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၈၅)စခန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်းလင်းကျေးရွာအုပ်စုရှိ နမ့်ပေါင်းလင်း ရေလွှဲဆည် ရေသောက်စနစ် လက်ဝဲမြောင်းမကြီး (ပေတိုင် ၀ မှ ၁၈၀၀၀)နှင့် လက်တံမြောင်း(၁) သဲနုန်းတူးဖော်ပြုပြင်ခြင်းလုပ်ငန်းနှင့် နမ့်ခုတ်ကျေးရွာအုပ်စုရှိ နမ့်မဲသာရေလွှဲ ဆည်ကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တူးမြောင်းစနစ်၏ မူလသတ်မှတ်ထားသည့် ဒီဇိုင်းပုံစံအတိုင်း စနစ်တကျဆောင်ရွက်ရန်၊ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ ရေလုံလောက်စွာ ပေးဝေနိုင်ရေး၊ ရေလွှဲဆည်ရေရှည်ကြံ့ခိုင်စေရေး၊ ဆည်ရေပေးဝေမှုစနစ် ကောင်းမွန်စေရေး အထူးအလေးထားဆောင်ရွက်ကြရန်နှင့် ဟိုပုံးချိုင့်ဝှမ်းအတွင်းရှိ နမ့်တဘက်ချောင်း ရေကြီးနစ်မြုပ်မှုလျော့ပါးစေရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် မြို့မရေလွှဲဆည် ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် ဟိုနမ့်ရေလွှဲဆည်(ရေထွက်ကြီး) အထွေထွေ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သဘာဝရေထွက်၏ ရေထွက်နှုန်းအား စဉ်ဆက်မပြတ် တိုင်းတာစစ်ဆေးရန်နှင့် ရေထွက်နှုန်းလျော့ကျမှုမရှိစေရေး သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကိုထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်ရှိ ကျီးဖြူကန်ရေဝပ်ဧရိယာအတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေနှင့် ကလောမြို့နယ်ရှိ ဟဲဟိုးကန် ရေဝပ်ဧရိ ယာအတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်ကန်နှင့် ဆက်စပ်ရေအား အဆောက်အအုံများ၊ ရေတံခါးပိတ်ခြင်းဖွင့်ခြင်းများကို ရေလှောင် ကန်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးထုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရန်၊ ကန်များအတွင်း ရေလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေး၊ လျာထားစိုက်ပျိုးမြေ ဧရိယာအားရေလုံလောက်စွာ ပေးဝေနိုင်ရေး၊ ဆည်ရေသောက် ဧရိယာများအတွင်း သီးထပ်စွမ်းအားတိုးမြှင့်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်