နေပြည်တော် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ နာယကကြီးများနှင့် ဗဟိုကော်မတီဝင်များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံး၌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ နာယကကြီးများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများ ထွန်းကားရန်အရေးကြီးပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်အနေဖြင့် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးတိုးတက် ကောင်းမွန်စေရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရေး၊ ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်ရေး၊ စွမ်းအင်ချွေတာသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့ကို နည်းလမ်းရှာဖွေ၍ ပူးပေါင်းပါဝင် မြှင့်တင်ဆောင်ရွက်စေလိုကြောင်း။
ထို့ပြင် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဖန်တီးပေးခြင်း၊ နည်းပညာများရရှိအောင် စီမံပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာပညာရပ်များဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ခြင်းလုပ်ငန်းများကို ယခုထက်ပိုမိုပြုလုပ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နာယကကြီးများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ရေရှည်လည်ပတ်ရပ်တည် နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များ၊ အသင်းချုပ်၌ လူငယ်မျိုးဆက်သစ်အင်ဂျင်နီယာများ ပါဝင်ဖွဲ့စည်းရေး၊ အင်ဂျင်နီယာပညာရပ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ရေး၊ အသိပညာဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်