နေပြည်တော် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)ကို လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ) အစည်းအဝေးခန်းမ၌ စွမ်းအင်ဝန်ကြီးဌာန ကမ်းလွန်ရေနံအခြေစိုက်စခန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ကုန်းတွင်းနှင့် ကမ်းလွန်ရေနံမြေများ၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ရေနံတွင်းသစ်များ နေရာသတ်မှတ်နိုင်ရေး တိုင်းတာရရှိသော ဆိုက်စမစ်အချက်အလက်များကို ဘူမိရူပဆန်းစစ် အကဲဖြတ်ခြင်း ဆောင်ရွက်နေမှုနှင့် ကမ်းလွန်ရေနံအခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
အလေးထားဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသလို ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ အဆင့်အတန်းမြင့်မားရေးအတွက် များစွာအကျိုးသက်ရောက်မှုရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်အရင်းအမြစ် အမျိုးမျိုးကို အသုံးပြုလျက်ရှိသော်လည်း နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုအချိုး (Energy Mix)တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သည်အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ ထို့အတူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ရေအားနှင့် သဘာဝဓာတ်ငွေ့များကို အဓိကအသုံးပြုနေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် စွမ်းအင်ကဏ္ဍ၊ တစ်နည်းအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရတနာ၊ ဇောတိက၊ ရဲတံခွန်နှင့် ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးလေးခုတို့မှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့်အပြင် ပြည်တွင်းသုံးအဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ CNG သုံးမော်တော်ယာဉ်များ၊ စက်ရုံအလုပ်ရုံများအတွက်လည်း သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးလျက်ရှိသဖြင့် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးသည့် စီမံကိန်းကြီးများဖြစ်ပါကြောင်း။
သို့ရာတွင် အဆိုပါစီမံကိန်းကြီးများသည် သက်တမ်းကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်သဖြင့် စီမံကိန်းအသစ်များ ရှာဖွေတူးဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကုန်းတွင်း နှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရန် နိုင်ငံတကာစွမ်းအင် ကုမ္ပဏီများအား လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေနံတွင်းသစ်များ နေရာသတ်မှတ်နိုင်ရေး တိုင်းတာရရှိခဲ့သော ဆိုက်စမစ်အချက်အလက်များ ဘူမိရူပဆန်းစစ် အကဲဖြတ်ခြင်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုဂ္ဂလိကရေနံတူးဖော်ခြင်းလုပ်ငန်းများအား နည်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ရေနံလက်ယက် တွင်းလုပ်ငန်းများအစား နည်းစနစ်ကျတွင်း (Standard Well)များ ဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ကမ်းလွန်ရေနံ အခြေစိုက်စခန်း(သာကေတ)သည် စွမ်းအင်ဝန်ကြီး ဌာန၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသုံး ပစ္စည်းများအား လက်ခံသိုလှောင်၍ ကုန်းတွင်း၊ ကမ်းလွန် လုပ်ငန်းများအတွက် ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးပေးနေသည့် အရေးပါသော ထောက်ပံ့ရေးစခန်းတစ်ခု ဖြစ်သဖြင့် ပစ္စည်းများစနစ်တကျ သိုလှောင်သိမ်းဆည်းရန်၊ မီးဘေးလုံခြုံရေးနှင့် စခန်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး ကမ်းလွန်ရေနံအခြေစိုက်စခန်းရှိ ဝန်ထမ်းများအတွက် အမှတ်တရသစ်သီးခြင်း ပေးအပ်သည်။
ထို့နောက် ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)အတွင်းရှိ ဂိုဒေါင်များအတွင်း ပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ တွင်းထိန်းဘိလပ်မြေဓာတ်ခွဲ စမ်းသပ်ခန်းအတွင်း သတ်မှတ်စံနှုန်းနှင့်အညီ တွင်းထိန်းဘိလပ်မြေ အဆင့်ဆင့်စမ်းသပ်ဆောင်ရွက်နေမှု၊ ရေလုံသင်္ဘောကျင်းတွင် သင်္ဘောများလွန်းတင် ပြင်ဆင်နေမှု၊ သာကေတဆိပ်ခံတံတား လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကမ်းလွန်၊ လုပ်ကွက်များသို့ လိုအပ်သည့်ပစ္စည်းများ ပို့ဆောင်ပေးရာတွင် အချိန်မီရောက်ရှိစေရေး ဆောင်ရွက်ကြရန်၊ သင်္ဘောများကို လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်း ဇယားရေးဆွဲ၍ ပြုပြင်ရေးအလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် စံသတ်မှတ်ချက်များနှင့်အညီ တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်