နေပြည်တော် စက်တင်ဘာ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေး၊ သတင်း၊ ပြန်ကြားရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်ရေး၊ သတင်းနှင့်ပြန်ကြားရေးကဏ္ဍသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ ကာလ(၃)ခုတွင် အဓိကအရေးပါသောကဏ္ဍဖြစ်ကြောင်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ကားလမ်းများ၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများနှင့် ချောင်းကူးမြစ်ကူး တံတားများကို ကွန်ရက်ဖြစ်အောင်တည်ဆောက်ထားခြင်းအားဖြင့် ဘေးအန္တရာယ်များကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ အချိန်မီပေးပို့နိုင်ရေး၊ မှန်ကန်သည့်သတင်းများဖြစ်စေရေးသည် အရေးပါသကဲ့သို့ သတင်းအမှားများကို သိရှိရှောင်ရှားနိုင်ရေးသည်လည်း လွန်စွာအရေးကြီးကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို နိုင်ငံပိုင်သတင်းမီဒီယာများ၊ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြ၍ ကြိုတင်ပြင်ဆင်နိုင်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုကို လျော့နည်းအောင် ဆောင်ရွက်နိုင်ခဲ့သည့် သာဓကများရှိခဲ့ကြောင်း။
မှန်ကန်မြန်ဆန်စွာသိရှိရန်လို
ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် နိုင်ငံတော်က ကဏ္ဍအလိုက်ဆောင်ရွက်ပေးနေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်နှင့် မှန်ကန်မြန်ဆန်စွာသိရှိရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူခြင်း၊ တိကျမှန်ကန်သော အချက်အလက်များ မြန်ဆန်စွာရရှိခြင်းသည် ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကကျကြောင်း၊ ယနေ့စကားဝိုင်းဆွေးနွေးပွဲသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အကျိုးရှိသောဆွေးနွေးပွဲတစ်ခုဖြစ်သည့်အတွက် တက်ရောက်လာသူများအနေဖြင့် လေ့လာမှတ်သား၍ ထပ်ဆင့်မျှဝေပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ဗဟိုစာရင်းအင်းအဖွဲ့၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်