Skip to main content

နိုင်ငံတော်အတွက်အမှန်တကယ်ဖော်ဆောင် ရွေးကောက်ခံကိုယ်စားလှယ်များဆောင်ရွက်

အစိုးရအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဆောင်ရွက်သွားနိုင်ရန် အဓိကဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖြင့် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရန် ဆောင်ရွက်ရန်ရှိသည်များကို သဘောတူထားပြီးဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်တမျှအလွန်အရေးကြီးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် လွှတ်တော်များ ကျင်းပရေးနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီး ခေါ်ယူဖွဲ့စည်းပြီး ပြည်ထောင်စုကြီးအကျိုးကို ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ လွှတ်တော်မှ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတကတာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီးအစိုးရအဖွဲ့ တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးသည်။ ထို့ကြောင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးရွေးချယ်ခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးပေသည်။

“ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများဖြစ်ရန်လိုကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ်ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းပေးရန်တပ်မတော်အနေဖြင့် အကြိမ်ကြိမ်အသိပေးခဲ့သော်လည်း တာဝန်ရှိသည့် အစိုးရနှင့်အဖွဲ့အစည်းများက ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခဲ့ပေ။ ထို့အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်လာသောကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ ယခုအခါ မူလကတိပေးထားသောရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ ရွေးကောက်ပွဲအကြိုကာလ ဆောင်ရွက်ဖွယ်ရာလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။ ဆောင်ရွက်ရာတွင် သိက္ခာရှိသောရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို သင်ခန်းစာယူပြီး ၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာ၌ တိကျမှု၊ မှန်ကန်မှု၊ မြန်ဆန်မှု၊ စနစ်တကျရှိပြီး ရိုးရှင်းလွယ်ကူသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲများပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ လွယ်ကူရှင်းလင်းသဘောပေါက်နားလည်နိုင်အောင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ရွာများတွင် သရုပ်ပြရှင်းလင်းပေးလျက်ရှိသည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထူးအရေးပါသလို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ၏အခန်းကဏ္ဍသည် အရေးကြီးသည်။ ဆန္ဒမဲပေးလိုမှု၊ မပေးလိုမှုသည် ပြည်သူများ၏ ကိုယ်ပိုင်ဆန္ဒဖြစ်သော်လည်း မိမိနိုင်ငံအကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်ပေးနိုင်မည့် ပါတီနှင့် ကိုယ်စားလှယ်လောင်းအား ဆန္ဒမဲမပေးဖြစ်ပါက နိုင်ငံအတွက် အချည်းနှီးဖြစ်စေသည်။

ရွေးကောက်ပွဲဝင်မည့်ပါတီများနှင့် ပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိအကျိုးထက်တိုင်းပြည်အကျိုးကို အမှန်တကယ်ဆောင်ရွက်လိုသော စိတ်နှင့်လုပ်ဆောင်မှုများ၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို အမှန်တကယ်ဆောင်ရွက်ပေးမည့် ကတိစကားများနှင့် မိမိအကျိုး၊ ပါတီအကျိုးထက် တိုင်းပြည်အကျိုးစီးပွားကို ဦးထိပ်ထားရှေးရှုဆောင်ရွက်ပေးမည်တို့ကို အပြောနှင့်အလုပ် ထပ်တူကျအောင်ပြသနိုင်ပါမှ မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးလိုသည့်စိတ်ထားများနှင့် ပြည်သူများကိုယ်စား ဆောင်ရွက်ပေးမည့်ပုဂ္ဂိုလ်များအား မှန်မှန်ကန်ကန် ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးနိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများအား ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုနိုင်အောင် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။