တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှာ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တစ်နည်းနည်းဆက်စပ် နေလေ့ရှိသကဲ့သို့ပင် ၎င်းအဖွဲ့အစည်းများ ရေရှည်ရှင်သန် ရပ်တည်ရေးအတွက် အရေးပါသည့် ဝင်ငွေရနည်းလမ်းများလည်း ဖြစ်နေလေ့ရှိရာ ထိထိရောက်ရောက် ဖော်ထုတ်တားဆီးနှိမ်နင်းသွားနိုင်ရန် လိုအပ်သည်။
“မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်း ဖော်ထုတ်ဖမ်းဆီးရမိမှုများ များပြားနေဆဲဖြစ်ပြီး ထုတ်လုပ်မှုရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမရှိစေရေး ဖော်ထုတ်တားဆီးနှိမ်နင်း သွားကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုမလုပ်ဆောင်နိုင်မှသာလျှင် ဖြန့်ဖြူးမှုနှင့် ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက မှာကြားထားသည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်ကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ AA သောင်းကျန်းသူအဖွဲ့က မလေးရှားနိုင်ငံနှင့် ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် ပမာဏကြီးမားများပြားလှသည့် မူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့သည်။
AA သောင်းကျန်းသူအဖွဲ့သည် ၎င်းတို့အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်ခဲယမ်းများဝယ်ယူဖြည့်တင်းနိုင်ရေးတို့အတွက် လိုအပ်သော ငွေကြေးများရရှိနိုင်ရန် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုလုပ်ငန်းကို ကျယ်ပြန့်စွာလုပ်ကိုင်လျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နှင့် ၇ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်တို့၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုးငွေကျပ် ၁၇၀ ဒသမ ၄၉ ဘီလီယံခန့်ရှိရာ ၎င်းတို့ပို့ဆောင်မည့်ဈေးကွက်များတွင် လွန်စွာများပြားသည့် တန်ဖိုးပမာဏအထိရောက်ရှိသွားနိုင်သည်။
မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် အန္တရာယ်ကျရောက်နိုင်ပြီး ဖြေရှင်းရန်ခက်ခဲသည့် တစ်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ရပ်လည်းဖြစ်နေသည်။ မူးယစ်ဆေးဝါးများသည် ဘိန်းကိုအခြေခံထုတ်လုပ်ခြင်းမှ ဓာတုပစ္စည်းများကို အခြေခံထုတ်လုပ်ခြင်းသို့ ပြောင်းလဲလာခဲ့ပြီး ပိုမို၍ပမာဏအမြောက်အမြားကို လွယ်လွယ်ကူကူထုတ်လုပ်လာနိုင်ကြသလို နေရာကျဉ်းကျဉ်းတွင် ထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ပိုမိုခဲယဉ်းလာသည်။ ဘားများ၊ ကလပ်များ၊ ပါတီများ စသည့် အပျော်အပါးနေရာများတွင် မူးယစ်ဆေးဝါးပုံစံသစ်များကို အလွယ်တကူရရှိနိုင်ကြပြီး သီးသန့်ခန်းများတွင် သုံးစွဲနိုင်ကြသည့် ကလပ်များ၊ ဘားများ၊ KTV နှင့် ဟိုတယ်အချို့ရှိနေကြသည်။ ဆယ်ကျော်သက်များနှင့် လူငယ်၊ လူရွယ်အချို့အစိတ်အပိုင်းများအတွင်း E, K, Happy Water စသည့်မူးယစ်ဆေးဝါး ပုံစံသစ်များကိုသုံးစွဲမှုမှာ ဖက်ရှင်တစ်ခုသဖွယ်ပြုလုပ်နေကြခြင်းဖြစ်ရာ မိဘအုပ်ထိန်းမှုမလွတ် ကင်းသေးသည့်အရွယ်များကို မိဘများက ထိန်းကွပ်မှု၊ ပဲ့ပြင်ဆုံးမမှုများ ပြုလုပ်ပေးရန်လိုအပ်သကဲ့သို့ အရွယ်ရောက်ပြီးသူများအနေဖြင့်လည်း မိမိကိုယ်ကိုယ် မိမိဆုံးမကာ မူးယစ်နွံအတွင်း သက်ဆင်းမိပြီး လူမှုစီးပွားဘဝဆုံးရှုံးမှုများမဖြစ်အောင် ရှောင်ကြဉ်ကြရန်လိုသည်။
နိဂုံးချုပ်အားဖြင့်ဆိုရပါမူ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများသည် နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုက်ရိုက်အားဖြင့် ထိခိုက်စေနိုင်သကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားများကို သက်ဆိုးရှည်စေသည်။ ပြည်ပသို့ ရောက်ရှိသွားသည့် မူးယစ်ဆေးဝါးများသည် ပြည်ပနိုင်ငံသားများကို ထိခိုက်ပျက်စီးစေသကဲ့သို့ ပြည်တွင်း၌ ဖြန့်ဝေရောင်းချနေကြသည့် မူးယစ်ဆေးဝါးများကြောင့် လူငယ်မျိုးဆက်များနှင့် အလုပ်လုပ်သည့်အရွယ် လူရွယ်လူလတ်တို့၏ လူမှုစီးပွားဘဝများကို ပျက်စီးစေနိုင်သည်။ သို့ဖြစ်ရာ လူငယ်၊ လူရွယ်တိုင်း မူးယစ်ဆေးဝါးများကိုရှောင်ရှားရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို ဖော်ထုတ်ဖမ်းဆီးရာတွင် ပါဝင်ကူညီရေးတို့ကို နိုင်ငံသားတစ်ဦး၏တာဝန်အဖြစ် ပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။