Skip to main content

(၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော် စက်တင်ဘာ ၂၂

၂၀၂၅ ခုနှစ်၊ (၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား/အမျိုးသမီး) မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နဝဒေးအားကစားရုံ၌ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ၊ အမျိုးသမီးပန်ကြပ်အတိုက် ပြိုင်ပွဲ၊ အမျိုးသား ဓားတစ်လက်အတိုက်ပြိုင်ပွဲနှင့် အမျိုးသမီး ဓားတစ်လက်အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားတစ်လက်အတိုက်ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ ပန်ကြပ်အတိုက်ပြိုင်ပွဲ၊ စွမ်းရည်ပြပြိုင်ပွဲ စသည့် အမျိုးအစား(၅)မျိုးပါဝင်ပြီး ပြိုင်ပွဲဝင်အသင်း(၁၅)သင်းဖြင့် အောက်တိုဘာလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။