Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တောင်ကြီးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း ခြောက်လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင် တစ်နှစ်သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသူများ၏ လက်တွေ့ဆောင်ရွက်နေသည့် ပအိုဝ်းခေါင်းပေါင်း၊ ဓနုလုံချည်နှင့် ဒေသခံတိုင်းရင်းသားဝတ်စုံများ ရက်လုပ်နေမှုကိုလည်းကောင်း၊ စက်ရက်ကန်းရက်လုပ်ခြင်း၊ ချားပုတ်ခြင်း၊ ချည်ချခြင်းနှင့် ဂျပ်ခုတ်လုပ်ငန်း လက်တွေ့သင်ယူနေမှုကိုလည်းကောင်း၊ ရက်ကန်းသင်တန်းကျောင်းအလိုက် ပအိုဝ်းတိုင်းရင်းသားဝတ်စုံရက်လုပ်နေမှုကိုလည်းကောင်း၊ စားရိပ်သာနှင့် သင်တန်းသူအိပ်ဆောင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ကြီး၊ နည်းပြဆရာဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ ရိုးရာယဉ်ကျေးမှုကိုအခြေခံသော ခေတ်မီဒီဇိုင်းဆန်းများ တီထွင်ဖန်တီးရေး၊ ထူးချွန်သူများအား မန္တလေးမြို့ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ဖွင့်လှစ်သော ဖက်ရှင်နှင့်ဒီဇိုင်း ခြောက်လသင်တန်းသို့ ချိတ်ဆက်တက်ရောက်ရေး၊ သင်တန်းဆင်းများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးရန်မှာကြားပြီး သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုငွေများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အေးသာယာစက်မှုဇုန်၌ မြန်မာ့ဩဘာလုပ်ငန်းစုနှင့် ဧရာဝတီမျိုးစေ့ကုမ္ပဏီတို့ ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့သည့် Grain & Edible Oils ကုမ္ပဏီလီမိတက်၏ တောင်သူများနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ပြောင်းစိုက်ခြင်း၊ ပြောင်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ပြောင်းအခြောက်ခံစက်ရုံနှင့် သိုလှောင်ရုံဖွင့်ပွဲသို့ တက်ရောက်ပြီး စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုအမှာစကား ပြောကြားပြီး စက်ရုံတည်ဆောက်မှုမှတ်တမ်းဗီဒီယိုကို ပြသကာ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ အေးသာယာစက်မှုဇုန်အကွက်ကြီး အမှတ်(၁၀၂)ရှိ UNI ENERGY ကုမ္ပဏီ၏ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်းကောင်း၊ တော်ဝင် TGI ကုမ္ပဏီလီမိတက်၏ U Nyi အင်းလေးချည်ဆေးဆိုးပန်းရိုက်လုပ်ငန်းကိုလည်းကောင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာများကို လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဟဲကယ်-မန်ကျည်းပင်ကျေးရွာ ချင်းဆက်လမ်း အရှည် ၃ ဒသမ ၈ ဖာလုံ ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံပြီး စိုက်ပျိုး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို မှာကြားကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်