နေပြည်တော် စက်တင်ဘာ ၂၀
၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးခဲ့သော ရှင်သန်ဖြစ်ထွန်းမှုအားနည်းသည့် အပင်များနေရာတွင် ရတနာတန်းဝင်ကျွန်းပင်များ အစားထိုးစိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်းဝင်း၌ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးခဲ့သော ရှင်သန်ဖြစ်ထွန်းမှုအားနည်းသည့် အပင်များနေရာတွင် ရတနာတန်းဝင်ကျွန်းပင်များကို အစားထိုးစိုက်ပျိုးပေးကြပြီး တက်ရောက်လာသူများက ရတနာတန်းဝင် ကျွန်းပင်များ အစားထိုးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်ပန်းအလှပင်နှင့် နှစ်ရှည်သီးပင်စားပင်များ ဆက်လက်ရှင်သန်ဖွံ့ဖြိုးကြီးထွားအောင် ပေါင်းမြက်များရှင်းလင်းခြင်း၊ မြေဆွခြင်းနှင့် မြေတောင်မြှောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ စပါးစိုက်ခင်းများ၊ ရာသီသီးနှံများဖြစ်သည့် ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ငရုတ်၊ ဘူး၊ ဖရုံ၊ နံနံ၊ မုန်ညင်း၊ ပဲစင်းငုံနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဒန့်သလွန်၊ ဂွေးတောက်၊ ကင်ပွန်းချဉ်၊ ငှက်ပျော၊ သရက်၊ မာလကာ၊ နဂါးမောက်၊ နာနတ်စသည့် သီးပင်စားပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဝန်ကြီးဌာနအောက်ရှိ စီမံကိန်းညွှန်ကြားရေး မှူးရုံးများ၊ စီမံကိန်းမန်နေဂျာရုံး များ၊ မဟာဓာတ်အားလိုင်းမှူးရုံး များ၊ ပင်မဓာတ်အားခွဲရုံများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ ဓာတ်အားပေးစက်ရုံများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများတွင်လည်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးခဲ့သောအပင်များအနက် ရှင်သန်ဖြစ်ထွန်းမှုအားနည်းသည့် အပင်များနေရာတွင် အစားထိုးစိုက်ပျိုးပွဲနှင့် ပေါင်းမြက်များ ရှင်းလင်းပွဲများကို တစ်ပြိုင်တည်း ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်