Skip to main content

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမီပို့ကုန်များ တိုးတက်ထုတ်လုပ်ရေးကြိုးပမ်း

နေပြည်တော် စက်တင်ဘာ ၂၀       

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ တိရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံများကို ကြည့်ရှုစစ်ဆေးပြီး အာဟာရနှင့် အရည်အသွေးပြည့်ဝသော တိရစ္ဆာန်အစာများတိုးမြှင့်ထုတ်လုပ်ရေး အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် သာဓုကန်စက်မှုဇုန်ရှိ Feed MAS Livestock Co.,Ltd. က တစ်နာရီ(၁၀)တန်ကျ ထုတ်လုပ်လျက်ရှိသော အသားတိုးကြက် အစာ၊ ဥစားကြက်၊ ဘဲအစာ၊ ဝက်အစာထုတ်လုပ်နေမှုနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဘဲမွေးတောင်သူများအား မွေးမြူရေးပညာပေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

အလားတူ MRC Myanmar Feed Industries & Breeding Co.,Ltd. ၏ အသားတိုးကြက်အစာ၊ ဥစားကြက်၊ ဘဲအစာ၊ ဝက်အစာထုတ်လုပ်ခြင်းနှင့် အသားစားကြက်သားဖောက် ဖြန့်ဖြူးနေမှုကို ကြည့်ရှုစစ်ဆေးအားပေးပြီး တာဝန်ရှိသူများအားတွေ့ဆုံ၍ မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ အသားထွက်ရှိမှုနှင့် အရည်အသွေးကောင်းမွန်မှုအတွက် တိရစ္ဆာန်အစာအာဟာရ၏ အရေးပါမှု၊ ပြည်တွင်းမွေးမြူရေးလုပ်ငန်း၏ တိရစ္ဆာန်အစာ လိုအပ်ချက်အခြေအနေများကို ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လှိုင်သာယာ၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Shan International Co.,Ltd. ၏ ငါးအအေးခန်းစက်ရုံတွင် ရေချိုငါးများ ပြုပြင်အေးခဲပြီး UK, USA,UAE နိုင်ငံများသို့တင်ပို့ရန် ဆောင်ရွက်နေမှု၊ Myat Annawar Aung Co.,Ltd. အအေးခန်းစက်ရုံ၏ ငါး၊ ပုစွန်၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးဆားနယ် အေးခဲထုတ်လုပ်ပြီး Malaysia, Thailand, Japan, Vietnam နိုင်ငံများသို့တင်ပို့ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုအဆင့်တိုင်းတွင် အစားအစာဘေးကင်းလုံခြုံရေး၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်များ၏ အရည်အသွေးနှင့်ဘေးကင်းမှုအပေါ် ယုံကြည်စိတ်ချရမှုရှိစေရန် လုပ်ငန်းအဆင့်တိုင်းတွင် အရည်အချင်းပြည့်မီပြီး ကျွမ်းကျင်ဝန်ထမ်းများ လုံလောက်စွာအသုံးပြုရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်