Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အဆင့်မြင့်ပညာကဏ္ဍမြှင့်တင်ရေးနှင့် ကျောင်းသား၊ ဆရာဖလှယ်ရေး နိုင်ငံတကာညီလာခံ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၀

အိန္ဒိယနိုင်ငံတမီးလ်နာဒူပြည်နယ် Vellore မြို့ Vellore Institute of Technology (VIT) ၌ စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သော အဆင့်မြင့်ပညာကဏ္ဍမြှင့်တင်ရေးနှင့် ကျောင်းသား၊ ဆရာဖလှယ်ရေး နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းကကျင်းပသော ညီလာခံဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက VIT တက္ကသိုလ်နယ်မြေခွဲ ငါးခုအနက် ကျောင်းသားပေါင်း ၄၇၀၀၀ တက်ရောက်လျက်ရှိသည့် ယခု Vellore မြို့ တက္ကသိုလ်၏အရည်အသွေးမြင့် သင်ကြားနည်းစနစ်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများသည် အဆင့်မြင့်ပညာကဏ္ဍမြင့်မားတိုးတက်ရေးအတွက် အတုယူဖွယ်ရာ နမူနာကောင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက အေအိုင်နည်းပညာကို ကျယ်ပြန့်စွာအသုံးချရန်လမ်းညွှန်ထားရာ သင်ကြားသင်ယူမှုနှင့် ကျောင်းသားများ၏ ပရောဂျက်များတွင် အေအိုင်နည်းပညာကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် အဆင့်မြင့်ပညာကဏ္ဍကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ် ၁၅၀ ခန့် တက်ရောက်ကြပြီး အဆင့်မြင့်ပညာကဏ္ဍနှင့်စပ်လျဉ်း၍ ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ကြကာ ဒုတိယဝန်ကြီးက VIT တက္ကသိုလ်၏ နှစ်(၄၀) ပြည့် အထိမ်းအမှတ်သစ်ပင်ကို စိုက်ပျိုးပေးသည်။

စက်တင်ဘာ ၁၉ ရက်တွင် ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က VIT တက္ကသိုလ်ရှိ သုတေသနဓာတ်ခွဲခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်နှင့်အထပ်မြင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များကို သွားရောက်ကြည့်ရှုလေ့လာကြသည်။

ထို့နောက် တက္ကသိုလ်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး VIT ပါရဂူ ဘွဲ့သင်တန်းများတွင် တက်ရောက်နိုင်ရန် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား ပညာတော်သင်ဆုများ ချီးမြှင့်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်