Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆)နှစ်မြောက်နှင့် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဂုဏ်ပြုခြင်း အနုပညာဖျော်ဖြေပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆)နှစ်မြောက်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဂုဏ်ပြုခြင်း အနုပညာဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျား၊ မိတ်ဖက် အဖွဲ့အစည်းများ၊ တရုတ်နိုင်ငံဝူအော်ပရာအဖွဲ့သားများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။ 

ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ရာမာ ယဏ ဇာတ်တော်ထဲမှ “ ရာမသမင်လိုက်ခန်း ဖြင့် ကပြဖျော်ဖြေသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ခေတ်တွင် နိုင်ငံအလိုက် အမျိုးသားရေးလက္ခဏာပုံရိပ်များကို အပြည့်အဝဖော်ထုတ် မိတ်ဆက်ပြသနိုင်ရန် “ယဉ်ကျေးမှုရေးရာ သံခင်း၊ တမန်ခင်း ကို နူးညံ့သောစွမ်းအား (Soft Power) အဖြစ် အသားပေးစီစဉ်ဆောင်ရွက်လာကြသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရိုးရာယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများကို ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ ကမ္ဘာ့နိုင်ငံတိုင်းအားလုံးလိုလိုက ယဉ်ကျေးမှုရေးရာသံခင်း၊ တမန်ခင်းများကို မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖော်ထုတ်မိတ်ဆက်နေကြပြီး နိုင်ငံအချင်းချင်းချစ်ကြည်ရေးတည်တံ့ခိုင်မြဲ စေရန်နှင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများကို အခြားနိုင်ငံများနှင့် မတူညီသည့် လူမှုအဖွဲ့အစည်းများက လေးစားတန်ဖိုးထားလာကြစေရန် ကြိုးပမ်းဆောင်ရွက်ကြခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလတွင် နူးညံ့သည့်စွမ်းအားက ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာစွမ်းအား (Hard Power) ထက် ပိုမိုအားကောင်းလာသည်မှာငြင်း၍ မရသည့်အချက်ဖြစ်သည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း။ 

ယနေ့ ဖျော်ဖြေတင်ဆက်မည့် တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၏ အဓိက ဒေသန္တရ အော်ပရာဇာတ်အမျိုးအစားဖြစ်သော “ကျင်းဟွာ အော်ပရာဟု အသိများသည့် “ ဝူအော်ပရာ သည် နှစ်ပေါင်း ၅၀၀ ကျော် သမိုင်းကြောင်းရှိနေပြီဟု သိရပါကြောင်း၊ ဝူအော်ပရာဇာတ်အဖွဲ့သည် ယခုနှစ်အတွင်း ဂျာမနီ၊ စပိန်၊ အန်ဒိုရာနိုင်ငံတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု သိရပါကြောင်း၊ ယခုလို နာမည်ကြီးသည့် ဝူအော်ပရာအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို မြန်မာပရိသတ်များ ကြည့်ရှုခွင့်ရခြင်းကြောင့်များစွာ ဂုဏ်ယူဝမ်းမြောက်ရပါသည်ဟုလည်း ပြောကြား လိုပါကြောင်း။ 

အလားတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များကလည်း အစဉ်အလာကြီးမား ခန့်ညားသော “ ရာမာယဏ" ဇာတ်တော်ထဲမှ အဓိကဇာတ်ဝင်ခန်းများဖြစ်သည့် “ ရာမသမင်လိုက်ခန်း နှင့်“ဒဿပန်းစိုက်ခန်း များဖြင့် ပါဝင်ကပြဖျော်ဖြေကြမည်ဖြစ်၍ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခွင့်ရရှိမည်ဖြစ်သကဲ့သို့ မြန်မာ့ အနုပညာအဆင့်အတန်းကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုဖလှယ်မှုများ၊ အပြန်အလှန်လေ့လာသင်ယူမှုများသည် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်စေပြီး နိုင်ငံအဆင့်တွင်လည်း ဆက်ဆံရေးခိုင်မာမှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံယဉ်ကျေးမှုသံယောဇဉ်ကို ကဏ္ဍစုံမှ ဆက်လက်ပြီး ထိန်းသိမ်းမြှင့်တင်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သည်။

ဆက်လက်၍ တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ အနုပညာယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့က “ကျင်းဟွာအော်ပရာဟု အသိများသည့် ဝူအော်ပရာဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကပြဖျော်ဖြေသည့် တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ်ဝူအော်ပရာ အနုပညာယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့အား အမှတ်တရပန်းခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များအား အမှတ်တရပန်းခြင်းပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် သံအမတ်ကြီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ် ဝူအော်ပရာအနုပညာ ယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

စက်တင်ဘာ ၂၁ ရက်တွင် ကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ သုတေသနဌာန ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့သည် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ညနေ ၃ နာရီတွင် ပရိသတ်များအား ဆက်လက်ကပြဖျော်ဖြေသွားမည်ဖြစ်သည်။ အဆိုပါ အော်ပရာအဖွဲ့က နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် အကြိမ်ပေါင်း ၂၀၀ ကျော် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ယခုပထမ ဆုံးအကြိမ်အဖြစ် လာရောက်ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်