Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံ-တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အာဆီယံ- တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင် (Guilin) မြို့၌ ကျင်းပသည့် အာဆီယံ - တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးနှင့် နန်နင်း (Nanning) မြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ - တရုတ်နိုင်ငံများမှ ဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင် (Guilin) မြို့၌ ရောက်ရှိနေစဉ် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိမ်ရာနှင့် မြို့ပြ - ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် သီးခြားတွေ့ဆုံ၍ အာဆီယံ - တရုတ် ဆောက်လုပ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ထိရောက်သော အကျိုးရလဒ်များ၊ ခေတ်သစ်ပိုးလမ်းမကြီး (Belt and Road Initiative – BRI) နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China – Myanmar Economic Corridor – CMEC) တို့ကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည့် အခြေအနေများ၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းတို့တွင် နည်းပညာဆိုင်ရာကူညီပံ့ပိုးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကွေ့လင် (Guilin) မြို့ရှိ ASEAN-China Building Technology Exhibition သို့သွားရောက်ပြီး ပြခန်းများ တွင်ပြသထားသည့် ဆောက်လုပ်ရေးဆိုင်ရာပြခန်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

ညနေပိုင်းတွင် အာဆီယံ-တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေး (ASEAN - China Ministerial Roundtable on Construction 2025) သို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာဖြစ်သော “ဒစ်ဂျစ်တယ်နည်းပညာဉာဏ်ရည်တုအသုံးချမှုဖြင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းဖြင့် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ အဆောက်အအုံကဏ္ဍအရည်အသွေးမြင့်မားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း” ကို အသုံးချဆောင်ရွက်ခြင်းဖြင့် စမတ်မြို့ပြ၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချသော မြို့ပြများကို ရည်မှန်းချက်ထားရှိသည့်အတိုင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကိုလည်း တွက်ချက်၍ ကာကွယ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အိမ်ရာ၊ မြို့ပြ-ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတွင် ပြည်သူ့လူနေမှုဘဝများ မြှင့်တင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် မြို့ပြအစီအစဉ်အသစ်များ၏ ရည်မှန်းချက်များ အောင်မြင်စေရေးတို့ကို အာဆီယံ-တရုတ် ကျယ်ပြန့်သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။

ထို့အပြင် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းနှင့် မြို့ပြအရည်အသွေးမြှင့်တင်ခြင်းတို့အတွက် ဒစ်ဂျစ်တယ်နည်းပညာ၊ အစိမ်းရောင်မြို့ပြအဆောက်အုံဆိုင်ရာ နည်းပညာများနှင့် ဘေးကင်းလုံခြုံသော လူမှုပတ်ဝန်းကျင်များအတွက် သတင်းအချက်အလက်အခြေခံဉာဏ်ရည်တုနည်းပညာများ၊ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ယခုကဲ့သို့ အာဆီယံ-တရုတ် ဆောက်လုပ်ရေးဆိုင်ရာအစည်းအဝေးများ၊ ပြပွဲများမှတစ်ဆင့်မျှဝေခြင်းဖြင့် ဒေသတွင်းလူမှုအသိုက်အဝန်းအား ပိုမိုကောင်းမွန်သော မြို့ပြများ ပေါ်ထွန်းရေးအထောက်အကူဖြစ်ပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးဆောင်ကျင်းပသည့် ဆောက်လုပ်ရေးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ပါဝင်သော ASEAN - China Cooperation and Development Forum on Building Industry 2025 အလွတ်တန်းအဆင့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါလာသည့် ညွှန်ကြားရေးမှူးချုပ်က Digital Transfor-mation and Green Approach For Urban Development ခေါင်းစဉ်ဖြင့် တက်ရောက်ပါဝင်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်တွင် အာဆီယံ - တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ကွေ့လင် (Guilin) မြို့မှ နန်နင်း (Nanning) မြို့သို့ သွားရောက်ကာ (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

သတင်းစဉ်