နေပြည်တော် စက်တင်ဘာ ၁၉
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme- UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Norimasa Shimo-mura အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNDP မှ ဆောင်ရွက်လျက်ရှိသော အသိုက်အဝန်းပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတိုးမြှင့်ရေးလုပ်ငန်းစီမံချက် (Enabling Community Recovery and Resilience - ENCORE) ပါ တိုးချဲ့လုပ်ငန်းများဖြစ်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်