(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ သီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပခဲ့ရာ အခမ်းအနားများသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောတက်ရောက်၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးပြောကြားခဲ့သည်။
တရုတ်-အာဆီယံကုန်စည်ပြပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ယခုကုန်စည်ပြပွဲတွင် Country of Honour အဖြစ် အလှည့်ကျတက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကုန်စည်ပြပွဲများ ကျင်းပခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရာတွင် အရေးပါသည့် စင်္ကြံတစ်ခုအဖြစ် ပံ့ပိုးပေးနိုင်သည့်အတွက် တရုတ်-အာဆီယံ လွတ်လပ်သည့်ကုန်သွယ်မှုဒေသကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဤသို့ ထူးခြားလေးနက်သည့်အခမ်းအနားတွင် မြန်မာနိုင်ငံက ပါဝင်တက်ရောက်နိုင်သဖြင့် အကျိုးရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။
တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာစေရန်နှင့် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုတို့ကို မြှင့်တင်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ စားသောက်ကုန်များ၊ Safe Health Al အပါအဝင် နည်းပညာပြခန်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်လက်ဝတ်ရတနာများ စသည့်ပြခန်းပေါင်း ၁၂၀ နှင့် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင်တို့ကို ပါဝင်ပြသခဲ့သည်။ ဖွင့်လှစ်ပြသထားရှိသည့် မြန်မာအမျိုးသားပြခန်းဆောင်တွင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ (City of Charm) အဖြစ် မြစ်ကြီးနားမြို့ကို ရွေးချယ်သတ်မှတ်၍ ပြသခဲ့သည်။
တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်ကို “အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာအသွင်းကူးပြောင်းနေသော ယနေ့ကာလတွင် AI နည်းပညာကို စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် နိုင်ငံအများစုက ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း AI နည်းပညာကို စီးပွားရေးလုပ်ငန်းရှင်များက အချို့ကဏ္ဍများတွင် အသုံးပြုလျက်ရှိသည်။ AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာအသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာအသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး မှန်ကန်သည့်နယ်ပယ်များတွင် မျှတစွာအသုံးပြုရန်လိုအပ်ကြောင်း ဖိုရမ်တွင် မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
AI နည်းပညာကို ကမ္ဘာတစ်ဝန်း၌ တွင်ကျယ်စွာအသုံးပြုကြရာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် ထိရောက်စွာအသုံးပြုလာနိုင်သဖြင့် အကျိုးရလဒ်ကောင်းများဖြစ်ထွန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုလာသည်ကို ကြိုဆိုရမည်ဖြစ်သလို AI နည်းပညာကို လွဲမှားစွာအသုံးပြုပြီး လူမှုစီးပွားနယ်ပယ်အချို့တွင် ထိခိုက်နစ်နာမှုများရှိလာသည်ကို သတိပြု၍ တားဆီးကာကွယ်သွားကြရမည်ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် Al နည်းပညာကို တလွဲအသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ပူးပေါင်း၍ ကာကွယ်တားဆီးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို မျှဝေခံစားသွားနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုကျင်းပခဲ့သော တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များ ဖိုရမ်သည် တရုတ်-အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးကဏ္ဍတွင် ဦးဆောင်နေကြသည့် ကုန်သည်အသင်းအဖွဲ့များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများရရှိမည့် ပလက်ဖောင်းတစ်ခုဖြစ်ရာ တရုတ် – အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ(အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး၊ ထောက်ပံ့ရေး ကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ စသည့်နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။