Skip to main content

နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ကြရေး

မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ သုံးပုံနှစ်ပုံကျော်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အသက်မွေးဝမ်းကျောင်းအဖြစ် လယ်ယာစိုက်ပျိုးရေးကို အဓိကအခြေခံလုပ်ကိုင်ကြသည်။ နိုင်ငံတော်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးအတွက် အဘက်ဘက်မှ ဆောင်ရွက်ပေးနေခြင်းကြောင့် ရှေးယခင်ကာလများနှင့် နှိုင်းယှဉ်ပါက ကျေးလက်လူနေမှုဘဝများ မြင့်မားတိုးတက်လာသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျလျက်ရှိသည်ကို တွေ့ရသည်။ လူနေမှုအဆင့်အတန်းများ အနိမ့်အမြင့်တို့မှာ လူမှုစီးပွားဘဝအပေါ်တွင် မှီတည်နေခြင်းဖြစ်ရာ လူမှုစီးပွားအားနည်းချက်များ ဖြစ်ပေါ်နေပါက လူနေမှုများမှာလည်း နိမ့်ကျနေမည်ဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “မိမိတို့နိုင်ငံတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ အလုပ်လက်မဲ့များ လျော့ပါးစေရေးနှင့် ပတ်သက်၍လည်း အထူးအလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများ များပြားလာပြီး ၎င်းတို့သွားရောက်သည့် နိုင်ငံများမှ ဥပဒေအောက်တွင် နေထိုင်ကြရကြောင်း၊ အချို့ဖိနှိပ်ခံရမှုများရှိသည်ဟု သိရကြောင်း၊ မိမိတို့နိုင်ငံသားများအားလုံး နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာဖြင့် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

လယ်ယာလုပ်ငန်းများ၏ သဘောသဘာဝမှာ လွန်စွာပင်ပန်းပြီး စိုက်ထုတ်ရသည့် လုပ်အားများသလောက် ထွက်ပေါ်လာသည့် အကျိုးရလဒ်မှာ ဆွဲဆောင်မှုနည်းပါးသည့်အပြင် မသေချာသည့် သဘောကိုလည်း တွေ့ရသည်။ အလုပ်ပင်ပန်းမှုချင်းတူလျှင်ပင် အိမ်နီးချင်းနိုင်ငံသို့သွား၍ လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းက ဝင်ငွေပိုမိုရရှိခြင်း၊ အကျိုးအမြတ်သေချာခြင်းတို့ကြောင့် ပြည်ပသို့ထွက်၍ အောက်ခြေအလုပ်များကို လုပ်ကိုင်ကြသည်။ ကျေးရွာများတွင် ယင်းကဲ့သို့ ပြည်ပသွား၍ အလုပ်လုပ်ကိုင်နေသူတို့၏ နေအိမ်များမှာ မျက်မြင်အားဖြင့်ပင် လူနေမှုဘဝပိုမိုမြင့်မားနေသည်ကို တွေ့မြင်ရခြင်းဖြင့် ကျန်လူများကို ပြည်ပသို့ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်စေရန် စေ့ဆော်မှုကို ဖြစ်စေသည်။

အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ အချို့တရားမဝင်လမ်းကြောင်းများမှ သွားရောက်ကြခြင်း၊ ကျွမ်းကျင်လုပ်သားများအဖြစ် လေ့ကျင့်ထားသူများမဟုတ်ဘဲ ပညာရေးအခြေခံမှာလည်းနည်းပါးခြင်း၊ ကျွမ်းကျင်မှုမလိုသည့် ညစ်ညမ်းကြမ်းတမ်းအန္တရာယ်များသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်ကြရခြင်း၊ တစ်ဖက်နိုင်ငံ၏ လူနေမှုစနစ်နှင့်ဥပဒေတို့အပေါ်တွင် မသိနားမလည်ခြင်း စသည့်အကြောင်းများကြောင့် မိမိတို့ နိုင်ငံသားများမှာ ၎င်းတို့ရောက်ရှိရာနိုင်ငံများမှ အာဏာပိုင်များ၏ စစ်ဆေးအရေးယူမှုများ၊ ကန့်သတ်ထိန်းချုပ်မှုများနှင့် ကြုံတွေ့ကြရသလို အချို့မှာလည်း ဒေသခံများ၊ လုပ်ငန်းရှင်များ၏ ဖိနှိပ်မှုများကို ခံကြရသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ မိမိနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ လုပ်ခလစာနည်းပါးမှု စသည်တို့၏တွန်းအား တစ်ဖက်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းသာပြီး လုပ်ခလစာဆွဲဆောင်မှု စသည်တို့၏ ဆွဲအားများကြောင့် နိုင်ငံ၏အရိပ်အာဝါသအောက်မှ ထွက်ခွာသွားကြခြင်းဖြစ်သည်။ စင်စစ်၎င်းတို့၏လုပ်အားသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အသုံးပြုရမည့် နိုင်ငံ၏လူသားအရင်းအမြစ်များဖြစ်သည်။

နိုင်ငံသားများအားလုံး နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာဖြင့် နေထိုင်နိုင်ရေး အကောင်းဆုံးဆောင်ရွက်ပေးနိုင်ရန်မှာ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် အခိုင်အမာရောက်ရှိရန် လိုအပ်သည့်အလျောက် ရက်ပေါင်း ၁၀၀ ပင် မလိုတော့သည့် ရွေးကောက်ပွဲကြီး အောင်မြင်ရေးကျရာကဏ္ဍမှ အားလုံးပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။