Skip to main content

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူများ၏ မျှဝေ စကားသံများ

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း စဉ်များနှင့်အညီ မဲရုံများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးလျက် ရှိကြသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရခရိုင်အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုပ္ဗသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင်လည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့လာရောက်၍ လျှို့ဝှက် ဆန္ဒပြု မဲပေးလျက်ရှိကြသည်။

ထို့ကြောင့် ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍ ကြိုတင် ဆန္ဒမဲပေးခဲ့မှု အတွေ့အကြုံများကိုလည်းကောင်း ရေးသား ဝေမျှ လိုက်ရပါသည်။

ဦးထွန်းရွှေ

(မြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ဝေးမြို့)

ကျွန်တော့်အနေနဲ့ မဲရုံတွေမှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနဲ့အညီ Social Distancing ဖြစ်အောင် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ အခြေ အနေတွေကို လိုက်လံစစ်ဆေးပါတယ်။ ဒီလို စစ်ဆေးလို့ ဆောင်ရွက်ထားခြင်းမရှိခဲ့ရင် လိုအပ်တဲ့အကြံဉာဏ်တွေပေးပြီး ပြုပြင်ပေးပါ တယ်။ အဓိက အနေနဲ့ မြို့ပေါ်မှာရှိတဲ့ မဲရုံတွေ ကို အရင်စစ်ဆေးပြီး ကျေးရွာအုပ်စုတွေကို ဆက်လက်ကွင်းဆင်းပြီးတော့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ရဲ့ ညွှန်ကြားချက်အရ မဲရုံတွေကို နိုဝင်ဘာ ၅ ရက်အထိ ဆောင်ရွက် မှာဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ ဆက်လက်စစ်ဆေးကြပ်မတ် အကြံ ဉာဏ်တွေ ပေးသွားမှာပါ။

မဲလာပေးတဲ့သူတွေရဲ့ လုံခြုံရေးအတွက် မြို့နယ်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနဲ့ ကျေးရွာအုပ်စုလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီတို့ ဖွဲ့စည်းထားပါတယ်။ ကြိုတင်မဲပေးတဲ့ ကာလမှာလည်း မဲရုံတစ်ရုံစီမှာ အထူးရဲ တစ်ယောက်စီ ခန့်အပ်ထားပါတယ်။ ကြိုတင်မဲတွေကို အားကြိုးမာန်တက်နဲ့ လာရောက် ပေးကြတဲ့ ပြည်သူတွေကို တွေ့မြင်ရပါတယ်။ ပြည်သူတွေအနေနဲ့ မဲပေးတဲ့အခါမှာ ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ မဲပေးကြ ဖို့ အကြံပြုချင်ပါတယ်။

ဦးမောင်မောင်လေး

(ဥက္ကဋ္ဌ၊ အမှတ်(၄)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လယ်ဝေးမြို့နယ်)

အသက်(၆၀)နဲ့အထက်ရှိသူတွေ၊ အစိုးရ ဝန်ထမ်း၊ မကျန်းမာသူ၊ မသန်စွမ်းသူနဲ့ မဲပေးရ မယ့်နေ့မှာ အကြောင်းအမျိုးမျိုးကြောင့် မဲရုံကို မလာရောက်နိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ အထောက် အထားခိုင်လုံ စွာပြနိုင်ရင် ကြိုတင် မဲပေးခွင့်ပြုထားပါတယ်။ နောက်ပြီး အခုက ကိုဗစ်ရောဂါကာလဖြစ်တဲ့အတွက် မဲပေးဖို့ လာတဲ့ သူတွေကို ဝင်ပေါက်မှာ လက်သန့်ဆေးရည် ဖျန်းပေးပြီး နှာခေါင်းစည်းတွေ လဲလှယ်ခိုင်းပါ တယ်။ ဒီလိုအဆင့်တွေ ဆောင်ရွက်ပြီးမှ မဲပေး စေပါတယ်။ မဲရုံကို လာရောက်ကြိုတင်မဲမပေး နိုင်တဲ့သူတွေ အတွက် လည်း ကွင်းဆင်းပြီး အိမ်တိုင်ရာရောက် မဲပေးနိုင်အောင် လိုက်လံ ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး မဲလာ ပေးတဲ့သူတွေ မဲပေးရာမှာ အခက်အခဲမရှိ အောင်လည်း ကျွန်တော်တို့အနေနဲ့ ကူညီ ဆောင်ရွက်ပေးပါတယ်။ ဖြည့်စွက်ပြောချင်တာ ကတော့ ပြည်သူတွေအနေနဲ့ မပျက်မကွက် မဲပေးကြပါလို့ အကြံပြုချင်ပါတယ်။

ဒေါ်မြသီတာကျော်

(မဲဆန္ဒရှင်၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိ မြို့နယ်)

ကျွန်မက ကျန်းမာရေးအခြေအနေအရ ကြိုတင်ဆန္ဒမဲပေးခြင်းဖြစ်ပါတယ်။ ကျွန်မရဲ့ ဇာတိက ဗန်းမော်မြို့က ဖြစ်ပါတယ်။ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာ တစ်နှစ်ကျော်ပါပြီ။ မဲပေးတဲ့ကာလမှာ ဗန်းမော် မြို့ကိုပြန်ပြီး မဲပေးဖို့စီစဉ်ထားပေမယ့် ကိုဗစ်ရောဂါ အခြေအနေတွေကြောင့် ပြန်လို့မရတဲ့အတွက် နေပြည်တော်မှာပဲ မဲပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ မဲပေးဖို့ လျှောက်လွှာတင်တာတွေ လုပ်တဲ့အခါမှာလည်း လွယ်ကူမြန်ဆန်မှုရှိပါတယ်။ မဲပေးရတာ လွတ်လွတ်လပ်လပ်နဲ့ စိတ်ချလုံခြုံမှုရှိတဲ့အတွက် ကျေနပ်ပါတယ်။ မဲရုံမှာလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆောင်ရွက် ထားရှိထားတာကိုလည်း တွေ့ရှိရ ပါတယ်။

ဒေါ်ကြည်

(မဲဆန္ဒရှင်၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နယ်)

အဒေါ်က အသက် ၆၀ ကျော်လို့ မဲလာပေး တာ ဖြစ်ပါတယ်။ မဲရုံရောက်တဲ့အခါမှာလည်း နှာခေါင်းစည်းတွေနဲ့ တစ်ခါသုံးလက်အိတ်တွေ ဖြန့်ဝေတဲ့အပြင် လက်သန့်စင်စေဖို့ကိုလည်း မဲရုံတာဝန်ရှိသူတွေက ဆောင်ရွက် ပေးပါတယ်။ အဘွားအနေနဲ့လည်း မဲမပေးခင်မှာ လိုက်နာ ဆောင်ရွက်ရမယ့် ကျန်းမာရေးဆိုင်ရာ အချက် အလက်တွေကို ကြိုတင်လေ့လာထားတဲ့ အတွက် မဲပေးရာမှာ လွယ်ကူမှုရှိပါတယ်။ မဲပေးတဲ့အခါမှာလည်း ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက် မဲပေးခွင့်ရတဲ့အတွက် စိတ်ကျေနပ်မှု အပြည့် အဝ ရှိပါတယ်။ အခုလို ကိုဗစ်ရောဂါဖြစ်နေတဲ့ ကာလမှာ အဒေါ်တို့လို သက်ကြီးရွယ်အိုတွေ အတွက် ကြိုတင် မဲပေးနိုင်အောင် နိုင်ငံတော်က စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒေါ်သီသီထွန်း

(မဲဆန္ဒရှင်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိ မြို့နယ်)

ကျွန်မက ဝန်ထမ်းတစ်ယောက် ဖြစ်ပါ တယ်။ နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဒုတိယမဲရုံမှူး တာဝန်ကျတဲ့အတွက် ကြိုတင်မဲ ပေးရခြင်း ဖြစ်ပါတယ်။ မဲမပေးခင်မှာ ကိုဗစ်- ၁၉ ရောဂါနဲ့ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ရမယ့် ကျန်းမာရေးစည်းမျဉ်းစည်း ကမ်းချက် တွေကို ကြိုတင်လေ့လာထားသလို ကျွန်မရဲ့ပတ်ဝန်းကျင်ကလူတွေ သိရှိအောင် လည်း မျှဝေပေး ပါတယ်။ ကြိုတင်မဲသွားထည့် တဲ့အခါမှာလည်း အခက်အခဲမရှိအောင် မဲရုံ တာဝန်ရှိသူတွေက လိုအပ်တာတွေ ကူညီပေး တဲ့အပြင် တစ်ခါသုံး နှာခေါင်းစည်းနဲ့ လက်အိတ် တွေလည်း ဖြန့်ဝေပေးတဲ့အတွက် ကျန်းမာရေးအရ စိတ်ချလုံခြုံမှုရှိပါတယ်။ ကြိုတင်မဲပေးပြီး နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်ခွင့် ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။

သတင်း - အောင်မင်းသန့်

ဓာတ်ပုံ - ကျော်ဇင်ထိုက်