Skip to main content

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေး ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၃

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော် မတီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလနှင့် ရွေးကောက်ပွဲ ကျင်းပပြီးကာလများတွင် ဆောင်ရွက်ရမည့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်သူများက လူမှုကွန်ရက်များပေါ်၌ သတင်းမှားများ ဖြန့်ဝေနေခြင်းအား တားဆီးနိုင်ရေးကိစ္စ၊ နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်ရန် လာရောက်သူများကိစ္စ၊ အရေးပေါ်စီမံခန့်ခွဲ မှုကော်မတီများ ဖွဲ့စည်းထားရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက ကော်မတီဝင်များ၏ ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်