မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန် အတွက် ပြန်လည် ဖော်ပြ လိုက်ပါသည်-
အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ဖြစ်ပွားမှုဟာ တဖြည်းဖြည်း ကာလရှည်ကြာလာ တာနဲ့အမျှ အကန့်အသတ်တွေနဲ့ နေထိုင်ကြရတဲ့ ပြည်သူတွေအကြားမှာ ငြီးငွေ့မှုတွေ၊ စိတ်ပျက်အားငယ်မှု တွေလည်း ဖြစ်လာနေကြမှာပါ။
ဒါပေမယ့် ဒီလိုမျိုး ရင်ဆိုင်ကြုံတွေ့လာရတာဟာ ကမ္ဘာနဲ့တစ်ဝန်းမှာ ဖြစ်ပေါ်နေတာကြောင့် မိဘပြည်သူ တွေအနေနဲ့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံမှုနဲ့ တောင့်ခံရင်း၊ ဒီကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်ကျော်သွားနိုင်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အားပေး စကားပြောကြားရင်း တိုက်တွန်းထားတာကိုလည်း မိဘ ပြည်သူတွေအသိပဲဖြစ်ပါတယ်။
ယခုဆိုရင် ရောဂါကူးစက်ပြန့်ပွားမှု အများဆုံး ဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာလည်း အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်လာနိုင်နေပြီ ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ အခုလက်ရှိအခြေအနေတွေအတိုင်း ဆက်လက်ထိန်းသိမ်းရင်း နေထိုင်သွားကြမယ်ဆိုရင် ကာလတစ်ခုမှာ ကိုဗစ်ရောဂါကို လုံးဝထိန်းချုပ်သွားနိုင် မယ်လို့ ယုံကြည်ပါတယ်။
ရှင်းလင်းဖြေကြား
မကြာခင် ရက်ပိုင်းအတွင်းမှာဆိုရင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကိုလည်း ကျင်းပ ပြုလုပ်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအကြား ကပ်ရောဂါကြီးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုအနည်းဆုံးနဲ့ ကျန်းမာရေးနဲ့အညီ မဲပေးနိုင်ဖို့အတွက် ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့အတူ ရွေးကောက်ပွဲ တာဝန်ရှိသူတို့က ဆောင်ရန် / ရှောင်ရန်အချက်တွေကို ရှင်းလင်း ပြောကြားဖြေကြားပေးသွားကြမှာ ဖြစ်ပါတယ်။
ဒီနေ့ရဲ့ မေးခွန်း မေးမြန်း / ဖြေကြားဆွေးနွေးမှုမှာ ဆရာကြီးပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း [ ညွှန်ကြားရေး မှူးချုပ်(ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်] ၊ ဆရာ ဦးဝင်းဦးခိုင် [ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူ အဖြစ် ဆရာမကြီးဒေါက်တာသန္တာလွင် [ဒုတိယညွှန်ကြားရေး မှူးချုပ် (ရောဂါနှိမ်နင်းရေးဌာနခွဲ)၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန] က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီနေ့ရဲ့ ဆွေးနွေးမှုမှာပါဝင်ပြီး အချိန်ပေးပြီး ဖြေကြားဆွေးနွေးပေးတဲ့အတွက် ဆရာကြီး၊ ဆရာမကြီး တို့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီနေ့ဆွေးနွေးမှုမှာ ရွေးကောက်ပွဲကလည်း မကြာခင် ကျင်းပပြုလုပ်တော့မှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ ကျန်းမာရေးနဲ့အညီ မဲပေးနိုင်ဖို့အတွက် ဘယ်လိုမျိုးဆောင်ရန် / ရှောင်ရန်တွေ ရှိမလဲဆိုတာကို ဆွေးနွေးပေးဖို့အတွက် ဆရာမကြီးကနေ ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ် အပ်ပါတယ်။
ဒေါက်တာသန္တာလွင်။ ။ အားလုံးမင်္ဂလာပါရှင်။ ကျွန်မ တို့ ဒီကနေ့ ဆွေးနွေးမယ့် အရေးကြီးတဲ့ Topic က ရွေးကောက်ပွဲ မကြာခင်မှာ ကျင်းပတော့မှာဖြစ်တဲ့အတွက် ကိုဗစ် - ၁၉ ကပ် ရောဂါ ကလည်း ဖြစ်ပွား နေတယ်။ ဒါကြောင့် ဒီကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ၊ ဘေးကင်းစွာ၊ စိတ်ချယုံကြည်စွာနဲ့ ကျင်းပနိုင်ဖို့အတွက် ကျွန်မတို့မှာ မေးခွန်းတွေ လက်ခံရရှိထားပါတယ်။ ဦးစွာ ပထမ ကျွန်မ ဆရာကြီး ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း ကို ဖိတ်ခေါ်ချင်ပါတယ်။ ဆရာကြီး ဆွေးနွေးပေးပါ။
ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း။ ။ နိုင်ငံတကာမှာ ကိုဗစ် - ၁၉ ကပ်ရောဂါကြီး ဖြစ်ပွားနေစဉ်အတွင်းမှာပဲ နိုင်ငံတော်တော် များများက ရွေးကောက်ပွဲတွေ ကျင်းပနေတယ်။ ဒါကြောင့် အဲဒီရွေးကောက်ပွဲ အတွေ့ အကြုံတွေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အခြေအနေတွေကို နှိုင်းယှဉ် ပြီး ဆွေးနွေးပေးပါလို့ မေးမြန်း ထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားနေစဉ်အတွင်းမှာ နိုင်ငံတကာမှာ ရွေးကောက်ပွဲတွေ ကျင်းပရတာနဲ့ ပတ် သက်ပြီး ဆန်းစစ်လေ့လာမှုတွေအရ နိုင်ငံတော်တော် များများက ရွေးကောက်ပွဲကျင်းပဖို့ စနစ်တကျ ပြင်ဆင် ထားပြီး ရွေးကောက်ပွဲကို ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီနေ့အထိ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ရွေးကောက်ပွဲကို အောင်မြင်စွာဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ အာရှ - ပစိဖိတ်ဒေသကြီးက ၂၄ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ပြီး အာရှနိုင်ငံတွေအနေနဲ့ဆိုရင် ၁၀ နိုင်ငံမှာ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပပြီးဖြစ်ပါ တယ်။
နိုင်ငံတိုင်းကလည်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံး ပြင်ဆင်ပြီး ဆောင်ရွက်တယ်။ မဲပေးတဲ့သူတွေ အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ် ကြောင့်ကြ မှုမရှိအောင် စီစဉ်ပြီးဆောင်ရွက်လျက်ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ဒီအတွေ့ အကြုံတွေပေါ်မှာ မူတည်ပြီး ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရောဂါကူးစက်နိုင်ခြေရှိတဲ့ အရာအားလုံးကို ကြိုတင် ကာကွယ်တဲ့နည်းစနစ်ကို ကျင့်သုံးပြီး ဆောင်ရွက် ပါတယ်။ တချို့နိုင်ငံတွေက နိုင်ငံအတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားနေတဲ့ အခြေအနေတွေရှိပါတယ်။ တချို့နိုင်ငံတွေကျတော့လည်း ရောဂါဖြစ်ပွားမှုက တစ်နေရာမှာ၊ အခြေအနေ တစ်ခုမှာ တန့်နေပါတယ်။ အဲဒီလို အခြေအနေမျိုးမှာရှိတဲ့ နိုင်ငံတော်တော်များများက နိုင်ငံတကာမှာ ရွေးကောက်ပွဲကို ကျင်းပခဲ့ တာဖြစ်ပါတယ်။
ကျင့်သုံးဆောင်ရွက်
သူတို့ အဓိက ကျင်းပတဲ့အချိန်မှာ တစ်ဖက်ကလည်း နိုင်ငံအတွင်းမှာရှိတဲ့ ကိုဗစ်ရောဂါဖြစ်ပွားနေမှုကို ထိန်းချုပ် နေတဲ့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲ စစ်ဆေးတာတွေ၊ အနီးကပ်ထိတွေ့ တဲ့သူတွေကို ရှာဖွေတာ တွေ၊ Social Distancing တွေ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတာတွေ ဒါတွေဆောင်ရွက်နေသလို ကုသမှုအပိုင်းမှာ လည်း အားထည့်ပြီး ဆောင်ရွက်နေသလို တစ်ဖက်က လည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေမှာ ကာကွယ်ဆေး နဲ့ ကုသဆေး မပါတဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနည်းလမ်းတွေကို သူတို့ကျင့်သုံးပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါ တယ်။
ဒီလိုဆောင်ရွက်တဲ့အတွက်ကြောင့် ၇၇ နိုင်ငံမှာ ရွေးကောက်ပွဲပြီးတဲ့ကာလ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေတွေကို ပြန်လည်ပြီး သုံးသပ်တဲ့အခါ တစ်နိုင်ငံလုံး ကာကွယ်၊ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက် နေတဲ့အချိန်မှာ ရွေးကောက်ပွဲအတွက် ပိုမိုသေချာစောင့်ကြပ် ကြည့်ရှုပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို တစ်ဦးချင်း၊ တစ်ဦးချင်းကို ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲရဲ့ တုံ့ပြန်မှုတွေကို ရရှိပြီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်တယ်ဆိုတာကို သုတေသနစာတမ်းတွေအရ တွေ့ရှိ ရပါ တယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ လမ်းညွှန်ချက်တွေကို နိုင်ငံတကာရဲ့ အတွေ့အကြုံတွေရော၊ ပြည်တွင်းရောဂါ ထိန်းချုပ်မှုအနေအထားတွေပေါ်မှာ မူတည်ပြီး လမ်းညွှန်ချက်တွေ ချမှတ်ဆောင်ရွက်ထားပါတယ်။ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ဆန္ဒမဲပေးကြမယ့် ပြည်သူ တစ်ဦးချင်းအနေနဲ့လည်းကောင်း၊ နောက်မဲရုံတွေမှာ စနစ် တကျတာဝန်ယူပြီး ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ လည်းကောင်း၊ ပြည်သူလူထုတွေ အနေနဲ့လည်းကောင်း ဝိုင်းဝန်းပြီး ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကလည်း ပြည်သူ လူထုအတွက် ကျန်းမာရေးဆိုင်ရာ လုံခြုံမှုရှိပြီး အောင်မြင် တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။
နောက်မေးခွန်းတစ်ခုက ရွေးကောက်ပွဲကာလမှာ လူအများနဲ့ မဲဆွယ်စည်းရုံးတာတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ ဆောင်ရွက်မှုအားနည်းနေတဲ့အတွက်ကြောင့် ဒီရောဂါတွေ က ပိုမိုပြီး ကူးစက်လာနိုင်မလား ဆိုပြီး မေးထားပါတယ်။ ဒါက ခုန ကျွန်တော်ဆွေးနွေးသလိုပါပဲ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မဲဆွယ်စည်းရုံးခြင်းသာမက ဘယ်လို လူစုလူဝေးအခြေအနေမျိုးဖြစ်ဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ဖို့အတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျွန်တော် ခုနက ဆွေးနွေးသလို ဆေးနဲ့ဆေးဝါးမပါတဲ့ ကာကွယ် ထိန်းချုပ်နည်းကို အားဖြည့်ပြီး ဆောင်ရွက်နေပါတယ်။
Non-Pharmaceutical Interventions က ၃ မျိုး ရှိပါတယ်။ Personal Non-Pharmaceutical Interventions မှာ လူတစ်ဦးချင်းက လက်ဆေးတာတို့၊ နှာချေ/ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါ/တစ်ရှူး အုပ်ပြီးဆိုးတာတို့၊ Social Distancing လို့ခေါ်တဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာတို့၊ Mask တပ်တာတို့ စသဖြင့် ဒီလိုလုပ်ငန်းတွေကို လိုက်နာ ဆောင်ရွက်ရမယ်။ ရွေးကောက်ပွဲမှာလည်း မဲရုံအတွင်းမှာ ကော၊ မဲရုံပြင်ပမှာကော ဒါတွေကို တစ်ဦးချင်းအတွက် ပြင်ဆင်တဲ့သူတွေက ရောဂါကူးစက်မှုမရှိအောင် စနစ် တကျ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
လူထုကလိုက်နာရမည့်ကိစ္စ
Community Non-Pharmaceutical Interventions လို့ခေါ်တဲ့ လူထုက လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေပါ။ ဒါက အထူးသဖြင့် ကျွန်တော် ခုနက ဆွေးနွေးခဲ့သလို လူစု လူဝေးနဲ့ အခမ်းအနားကြီးတွေ ဆောင်ရွက်တာတို့ ဒါတွေက Mass Gathering လို့ခေါ်ပါတယ်။ အဲဒီမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အရေအတွက် အတိုင်း ဆောင်ရွက်မယ်ဆိုရင် ရောဂါကူးစက်မှုကို ထိန်းချုပ်ပြီးသား ဖြစ်ပါလိမ့်မယ်။ နောက်ဒီလိုပဲ Community Non-Pharmaceutical Interventions မှာ စက်ရုံ/အလုပ်ရုံကိစ္စတွေ၊ လူအများစုဝေးပြီး ဆောင်ရွက်ရတဲ့ အားကစားကိစ္စတွေ စသဖြင့် ဒီလိုမျိုး ထိန်းချုပ်တာတွေ လည်းပဲ ရှိပါတယ်။
Environmental Non-Pharmaceutical Interventions က အိမ်မှာ လေဝင်လေထွက် ကောင်းအောင်၊ မဲရုံတွေမှာ စနစ်တကျ လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်ရအောင် စနစ်တကျ ဆောင်ရွက်ထား တယ်။ ပုံမှန်သန့်ရှင်းရေးဆောင်ရွက်ထားတယ်။ ဒီလိုမျိုး ဆောင်ရွက်ခြင်းအားဖြင့် ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပါတယ်။
အတွေ့အကြုံတွေအရ Non-Pharmaceutical Interventions လို့ခေါ်တဲ့ ဆေးဝါးမပါဘဲ ကာကွယ် ထိန်းချုပ်နည်းကို တိတိကျကျသာ လိုက်နာဆောင်ရွက် မယ်ဆိုရင် ကျွန်တော်တို့ တစ်ပတ်အတွင်းမှာ ကူးစက်မှုကို ၆၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကာလမှာ စနစ်တကျ ပိုမိုပြီး စောင့်ကြပ်ကြည့်ရှုတဲ့ ကာကွယ်ထိန်းချုပ်လုပ်ငန်းတွေ ဟာ ကျွန်တော်ဆွေးနွေးခဲ့သလို Hawthorne Effect လို့ခေါ်တဲ့ ပုံမှန်ကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းတွေပေါ်မှာ ထပ်ပိုးပြီးအကျိုးကျေးဇူးတွေ ရရှိမှာဖြစ်တဲ့ အတွက်ကြောင့် ရောဂါကာကွယ် ထိန်းချုပ်မှုတွေဟာ ပိုမိုပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဥပမာ - Mask တပ်တာကအစ ရွေးကောက်ပွဲမှာ ပုံမှန်တပ်နေတဲ့ Surgical Mask တွေထက် ပိုပြီး ကာကွယ်နိုင်တဲ့ KN95 Surgical Mask တွေကို သက်ဆိုင်ရာ မဲရုံတွေမှာ စီစဉ်ထားတဲ့အတွက်ကြောင့် တခြားသူကိုလည်း ရောဂါကူးစက်နိုင်မှာကို ပိုမိုဟန့်တား နိုင်မယ်။ သူများဆီက ရောဂါကူးစက်မှုကိုလည်း ဟန့်တားနိုင်မယ်။ အခုချိန်မှာ Mask တပ်တာဆိုရင် ရောဂါကာကွယ်ရုံသာမက တစ်ယောက်နဲ့တစ်ယောက် လေးစားမှုကို ပြတာလည်းဖြစ်ပါတယ်။
Mask တပ်တဲ့အတွက်ကြောင့် အိမ်တစ်အိမ်မှာ သံသယရောဂါလက္ခဏာရှိတဲ့ လူတစ်ယောက်ရှိရင်တောင် အဲဒီမိသားစုကို ၇၉ ရာခိုင်နှုန်းလောက် ကာကွယ်ပေး နိုင်တယ်ဆိုတဲ့ သုတေသနရရှိချက်တွေလည်း ရှိပါတယ်။ မဲရုံအပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ကူးစက်မှုမရှိအောင် အဖွဲ့အစည်းအသီးသီးနဲ့ ကြိုတင်ပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
ဒေါက်တာသန္တာလွင်။ ။ ဆရာကြီး ဆွေးနွေးသွားတဲ့အတွက် မဲဆွယ်စည်းရုံးတဲ့ အချိန်နဲ့ မဲပေးတဲ့ အချိန်မှာရော ကျွန်မတို့အနေနဲ့ လိုက်နာရမယ့်ကိစ္စတွေကို ပြည်သူတွေအားလုံးသိသွား အောင် ဒီကနေ့ ဆွေးနွေး ပွဲကနေ ပြောပြပေးနိုင်ပြီလို့ ထင်ပါတယ်။ ဆက်လက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆရာဦးဝင်းဦးခိုင် လက်ခံ ရရှိထားတဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး ဖြေကြားပေးဖို့ ဖိတ်ခေါ်ပါ တယ်။
ဦးဝင်းဦးခိုင်။ ။ ဒီမှာလက်ခံရရှိထားတဲ့ မေးခွန်းက ကျွန်တော်က အသက် ၅၀ ကျော်၊ ဆီးချိုကလည်းရှိတော့ ကျွန်တော့်ကျန်းမာရေးအတွက် စိတ်ပူပါတယ်။ ရောဂါမကူးစေရေး၊ ကြိုတင်ကာကွယ် ထားမှုတွေကို သိလိုပါ တယ်ဆိုပြီး မေးထားတဲ့ မေးခွန်း ကို တွေ့ရပါတယ်။
အဲဒီတော့ ကော်မရှင်နဲ့ ကော်မရှင်ရုံးအနေနဲ့ တင်ပြ ရမယ်ဆိုရင် ဒီနှစ်က ဥပဒေပြဋ္ဌာန်းချက်အရလည်း ရွေးကောက်ပွဲကျင်းပရမယ့်နှစ် ဖြစ်နေပါတယ်။ ကိုဗစ် - ၁၉ ဖြစ်ပွားတဲ့အချိန် ပထမလှိုင်းမှာ အခြေ အနေကို ကျွန်တော်တို့စောင့်ကြည့်ပြီး ထိန်းနိုင်တဲ့အနေ အထားဖြစ်ပြီ၊ နောက်တစ်ခုက ရွေးကောက်ပွဲလုပ်ငန်းစဉ် တွေအရ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို စပြီးကြေညာ လိုက်ပါတယ်။
မဲရုံလုပ်ငန်းစဉ်
ကြေညာပြီးတဲ့အချိန်မှာပဲ ကိုဗစ် ဒုတိယလှိုင်းက စပြီးဖြစ်ပွားလာတော့ တဖြည်းဖြည်းကျယ်ပြန့်လာပါ တယ်။ ရွေးကောက်ပွဲကလည်း မဖြစ်မနေ ကျင်းပရမယ် ဆိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်း ပြီး ဆောင်ရွက်ဖို့လိုတယ်ဆိုပြီး သုံးသပ်ပါတယ်။ ကျွန်တော် တို့က မဲရုံလုပ်ငန်းစဉ်ကို သရုပ်ပြလုပ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး သူတို့ရဲ့ သုံးသပ်ချက် ထွက်လာပါတယ်။
Contact များတဲ့နေရာ၊ Risk များတဲ့နေရာတွေနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်မယ်၊ ဘယ်လိုလုပ်မယ် ဆိုပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စံလုပ်ငန်းလမ်းညွှန်တွေကို ရေးပေးတယ်။ ကျွန်တော် တို့ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ကိုက်/မကိုက် နှစ်ဖက်ညှိနှိုင်းပြီး ဒါဆိုရင် ဒီလိုလုပ်ဖို့သင့်တယ်ဆိုပြီး ကျွန်တော်တို့ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြ လိုက်ပါတယ်။
တင်ပြပြီးတော့ မဲရုံအတွက် နောက်ထပ်တကယ့် လိုအပ်ချက်က ဘာလဲ၊ လက်တွေ့မှာ ဘယ်လိုရှိမလဲ၊ လက်ရှိမှာဖြစ်နေတဲ့ ကိုဗစ် - ၁၉ အခြေအနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ လိုသလဲဆိုပြီး တကယ့်မဲရုံ လုပ်မယ့်နေရာမှာ သရုပ်ပြတယ်။ ကြည့်လိုက်ရင် မဲရုံအတွင်းမှာ ဆောင်ရွက် ရမယ့်အပိုင်းတွေ ရှိတယ်။ မဲရုံအပြင်မှာ ဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ ကျွန်တော်တို့ ဒီမှာ သရုပ်ပြလိုက်တဲ့ အခါ မဲရုံအတွင်းမှာ လိုအပ်တာက ပထမဆုံး မဲရုံအတွင်း စဝင်တာကစပြီး မဲရုံလုံခြုံရေးနဲ့ စထိတွေ့မယ်။ ပြီးရင် မဲစာရင်းစစ်ဆေး သူနဲ့ ထိတွေ့မယ်။ မဲလက်မှတ်ထုတ်ပေး သူနဲ့ ထိတွေ့မယ်။ ဆန္ဒပြုတဲ့နေရာမှာ ဆန္ဒပြုတဲ့ တံဆိပ်တုံး တွေ ကိုင်မိတာရှိတယ်။
ထုတ်ပေးဆောင်ရွက်
ပထမ၊ ဒုတိယအကြိမ်မှာ ကျွန်တော်တို့က တွေ့ရှိတဲ့ အပေါ် မူတည်ပြီး ကော်မရှင်ရဲ့ အစီအစဉ်နဲ့ မဲရုံအဝင်မှာ Hand Gel နဲ့ လက်ကိုဆေးဖို့၊ တစ်ဦးချင်းအတွက် ပလတ် စတစ်လက်အိတ်တွေ ထုတ်ပေးဖို့ ဆောင်ရွက် ပါတယ်။ တကယ်လက်တွေ့လုပ်ကြည့်တဲ့အခါ ဒီလောက်နဲ့ မလုံ လောက်ဘူး။ လက်တွေ့ ဘာတွေထပ် လုပ်ဖို့လိုသလဲ ဆိုတော့ Hand Gel ထက် Hand Spray က ပိုပြီးအဆင် ပြေတယ်ဆိုပြီး မဲရုံအဝင်မှာ Hand Spray ဖျန်းဖို့ရယ်၊ နောက်တစ်ခါ Surgical Gloves တွေပေးဖို့ရယ်၊ N95 Mask ထုတ်ပေးဖို့ရယ်ကို ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒါကိုပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ပေးပါတယ်။
တကယ့်လက်တွေ့ မဲရုံလုပ်မယ့် ဒီဘက်က ဥတ္တရသီရိ မြို့နယ်ထဲက မဲရုံတစ်ရုံကိုသွားပြီး ကျွန်တော်တို့ လက်တွေ့စမ်းသပ်ပါတယ်။ စမ်းသပ်ပြီး ဆောင်ရွက်လိုက် တဲ့အခါ မဲရုံအတွင်းအပြင် မဲရုံအပြင်ဘက်မှာလည်း လိုအပ် တဲ့ အနေအထားတွေကို တွေ့ရပါတယ်။ မဲရုံအပြင်ဘက်မှာ လူစုလူဝေးမဖြစ်ဖို့၊ ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းနဲ့ အညီ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာနေဖို့တွေ၊ စနစ်တကျ တန်းစီဖို့တွေအတွက် အထွေထွေအုပ်ချုပ်ရေးဌာနက စီမံပေးတဲ့ ဝန်ထမ်းတစ်ဦး၊ ကိုယ်အပူချိန်တိုင်းဖို့အတွက် ပညာရေး ဝန်ကြီးဌာနက သူ့ရဲ့ Non - contact Infrared Thermometer နဲ့အတူ ပညာရေးဝန်ထမ်းတစ်ဦး၊ နောက် Mask တွေ ဖြန့်ဝေဖို့၊ လက်ဆေးမယ့် Hand Spray တွေ ဖျန်းဖို့အတွက် ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ ၃ ဦးနဲ့ အပြင်မှာ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးပါတယ်။
ကျွန်တော်တို့ ကိုယ်အပူချိန် တိုင်းတဲ့အဖွဲ့ရယ်၊ နောက်တစ်ခါ Hand Spray ဖျန်းတဲ့အဖွဲ့တွေက ၂ နာရီခွဲ တစ်ကြိမ်လဲနိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့က ပေးတဲ့ Volunteer တစ်ဦးစီ ထပ်ပေးတယ်။ အဲဒီတော့ မဲရုံအပြင်မှာ ၅ ဦးအဖွဲ့နဲ့ ကျန်းမာရေးကို ကြိုတင် ကာကွယ်ဖို့အတွက် ကျွန်တော်တို့ လုပ်ထားပါတယ်။ အတွင်းထဲမှာ ကျွန်တော်တို့ မဲရုံအဖွဲ့ရှိပါတယ်။ ပုံမှန်ဆိုရင် ၁၀ ယောက် ရှိပါတယ်။ မဲရုံကနေ မဲပေးပြီး၊ ဆန္ဒပြုပြီးလို့ ပြန်ထွက်တဲ့အခါ လက်မှာမင်တို့ဖို့အတွက် လုပ်တဲ့ အချိန်မှာ Hand Spray နဲ့ဆိုရင် သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ပြီးနိုင်ဖို့ နည်းနည်းလေး အခက် အခဲရှိတဲ့အတွက် အဲဒီမှာ မဲရုံအဖွဲ့ဝင်တစ်ယောက်တိုးလိုက် ပါတယ်။
တာဝန်ကျတဲ့ မဲရုံအဖွဲ့အားလုံးသည်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြား ထားတဲ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းတွေ အတိုင်းပဲ အားလုံးက KN95 Mask ပါမယ်။ Surgical Gloves ပါမယ်။ Face Shield တွေပါမယ်။ နောက်ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့အဖွဲ့ကတော့ ရှေ့က Apron ပါမှာ ဖြစ်ပါတယ်။
မဲရုံဝင်ခါနီး ကိုယ်အပူချိန်တိုင်းလိုက်တဲ့အချိန်မှာ ကိုယ်အပူချိန်မြင့်နေရင် ဘယ်လိုစီစဉ်ဆောင်ရွက်မလဲ ဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ စီမံထားပါတယ်။ ကိုယ်အပူချိန်မြင့်နေရင် မဲရုံထဲဝင်ပြီး မဲပေးတာ မလုပ်ခိုင်းပါဘူး။ သူ့ကို မဲပေးဖို့ အတွက် မဲရုံအပြင်မှာ အခန်းသတ်သတ် လုပ်ပေးထား ပါတယ်။ အဲဒီအခန်းမှာ သူ့ကို ထားမယ်။ ဒုတိယမဲရုံမှူးက သူ့ဆီ လာမယ်။ သူနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမရှိဘဲ သူ့ရဲ့ Voter Slip တို့၊ မှတ်ပုံတင်တို့ကို ယူမယ်။
ယူပြီးရင် မဲရုံအထဲကို ဒုမဲရုံမှူးပဲ ဝင်မယ်။ ဝင်ပြီး တော့ လိုအပ်တဲ့မဲလက်မှတ်တွေ ယူမယ်။ သူ့ဆီပြန်လာ မယ်။ မဲလက်မှတ်ကို သူ့ကိုပြမယ်။ သူ့ရဲ့ဆန္ဒအတိုင်း ဒုမဲရုံမှူးက ဆန္ဒပြုပေးမယ်။ ပြီးရင် ဒုမဲရုံမှူးပဲ အဲဒီ မဲလက်မှတ်ကို မမြင်အောင်ခေါက်ပြီး ယူသွားမယ်။ မဲပုံးထဲ ထည့်ပေးမယ်။ မဲပုံးထဲထည့်တာကိုလည်း မဲဆန္ဒရှင်က မြင်သာတဲ့နေရာ၊ ပြတင်းပေါက် သို့မဟုတ် ခန်းမအဝင် အပေါက်တွေက၊ လူအားလုံး နဲ့ဝေးတဲ့နေရာကနေ ကြည့်ပေးမယ်။
ပြီးရင်တော့ သူ့ကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုကော်မတီကို အပ်နှံလိုက်မှာ ဖြစ်ပါတယ်။ အပ်နှံပြီး ကုသရေးအတွက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မဲရုံအတွင်း၊ မဲရုံအပြင်မှာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေနဲ့ အညီ ကျွန်တော်တို့က အားလုံးဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အဲဒီ စည်းကမ်းတွေအတိုင်း လိုက်နာမယ် ဆိုရင်တော့ စိတ်ချ လက်ချမဲပေးနိုင်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဆွေးနွေး တင်ပြလိုပါတယ်။
ဒေါက်တာသန္တာလွင်။ ။ ဆွေးနွေးတင်ပြပေးတဲ့ ဆရာ ဦးဝင်းဦးခိုင်ကို ကျေးဇူးတင် ပါတယ်။ နောက်ဆုံး ကျွန်မအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကနေ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ပြုလုပ်ရမယ့် ရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ကျွန်မတို့ဌာနအနေနဲ့ စီမံဆောင်ရွက် ထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
မေးခွန်းတစ်ခုက ရွေးကောက်ပွဲမှာ တာဝန်ကျတဲ့ အထူးရဲတွေကို ရောဂါပိုး ရှိ / မရှိ စစ်ဆေးပေးတယ်။ ပညာရေးဝန်ထမ်းတွေကိုရော စစ်ဆေးပေးမှာလား။ ရောဂါ မကူးအောင် ဘာတွေလုပ်ရမလဲ ဆိုတဲ့ မေးခွန်း တစ်ခုရှိပါ တယ်။ နောက်မေးခွန်းက ဆရာဦးဝင်းဦးခိုင် ဖြေသွားတဲ့ ကျွန်တော် သေချာပေါက် မဲသွားပေးမှာပါ။ ဒါပေမယ့် ကျွန်တော့်မှာ အသက်လည်း ၅၀ ကျော်ပြီ၊ ဆီးချိုရောဂါ လည်း ရှိတယ်။ ဒါဆိုရင် ကျွန်တော် ဘာတွေ ကြိုတင် ကာကွယ်ရမှာလဲ သိလိုပါတယ်။ နောက် မေးခွန်းတစ်ခုက ကိုဗစ် - ၁၉ ရောဂါဖြစ် ပွားနေတဲ့အချိန်မှာ ရွေးကောက်ပွဲ အတွက် ဘာတွေပြင်ဆင်ထားလဲ၊ ပြည်သူတွေသိအောင် ပြောပြပေးပါ ဆိုတာ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို တစ်စုတည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးမေးထားတဲ့ မေးခွန်းနဲ့စပ်လျဉ်းလို့ အထူးရဲတွေကို ကိုဗစ် - ၁၉ ရောဂါပိုး ရှိ /မရှိ စစ်ဆေး ပေးပါတယ်။ ဒါပေမယ့်ကျန်တဲ့မဲရုံမှာတာဝန်ချထားမယ့် မဲရုံဝန်ထမ်းတွေ၊ ပညာရေးဌာနကရော၊ ကျန်းမာရေး ဌာနကရော တာဝန်ချ ထားမယ့် စေတနာ့ဝန်ထမ်းတွေလည်း ရှိပါတယ်။
Mask ဝတ်ဆင်ပြီး မဲပေး
အဲဒီလူတွေကို စစ်ဆေးပေးမှာမဟုတ်ဘဲ တာဝန်ချ ထားတဲ့ ဝန်ထမ်းတွေအားလုံးကို လုံလောက်တဲ့ တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်ပေးစေ ခြင်းဖြင့် ရောဂါကူးစက်ခြင်းမရှိအောင် ကာကွယ် သွားမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မဲလာပေးမယ့် မဲဆန္ဒရှင်တွေကလည်း နှာခေါင်းနဲ့ ပါးစပ်ကို KN 95 Mask ဝတ်ဆင်ပြီးမှ မဲရုံအတွင်း ဝင်ပြီးတော့ မဲပေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အပြန်အလှန် ကာကွယ်ထားပြီးဖြစ်တဲ့ အတွက် လုံခြုံစိတ်ချစွာမဲပေးနိုင်ဖို့ ကျွန်မတို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ် - ၁၉ ဖြစ်ပွားမှု များပြားနေတဲ့ မြို့နယ်တွေဆိုရင် မဲဆန္ဒရှင်တွေကို KN 95 Mask အပြင် Face Shield ပါ ထုတ်ပေးပြီးတော့မှ မဲပေးဖို့ အတွက် စီစဉ်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ပံ့ပိုးပြီး အကြံတွေပြုခဲ့သလဲ ဆိုတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဇွန်လ တည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စတင်ညှိနှိုင်း ဆွေးနွေးပွဲတွေ၊ မဲရုံကို ဘယ်လိုကျင်း ပကြမယ်၊ မဲပေးဖို့ ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတဲ့ Demonstration တွေ လုပ်ပြီး အဆင့်ဆင့်ဆွေးနွေး ညှိနှိုင်းပြီးတဲ့အခါမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီဗဟိုကော်မတီရဲ့အောက်မှာ တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုကော်မတီတွေကို ဆက်လက်ဖွဲ့စည်း ထားပါတယ်။ ဗဟိုအဆင့်ကော်မတီမှာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး လိုအပ်တဲ့စံ လုပ်ငန်း လမ်းညွှန်တွေကို ထုတ်ပြန်တဲ့အခါမှာလည်း ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွား နေတဲ့အချိန်ဖြစ်တဲ့အတွက် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို တင်ပြပြီး ကျွန်မတို့ရဲ့ စံလုပ်ငန်းလမ်းညွှန်တွေကို အပိုင်း(၁) မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လို့ လည်းကောင်း၊ အပိုင်း(၂)အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာမှာ မည်ကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်ပြီး ကူးစက်ရောဂါကို ကာကွယ်နိုင်ဖို့အတွက် ဆောင်ရွက်ရမလဲ ဆိုတာတွေကို ပြဋ္ဌာန်းပြီး ထုတ်ပြန်ခဲ့ပါ တယ်။ ဒီလုပ်ငန်းလမ်းညွှန်တွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုဒ်တွေမှာ ဖော်ပြထား ပြီးဖြစ်ပါတယ်။
အဆင့်ဆင့်သင်တန်းပေး
ဒီလုပ်ငန်းလမ်းညွှန်တွေကို မဲရုံတွေမှာ တာဝန်ပေး ထားတဲ့ မဲရုံဝန်ထမ်းတွေက အတိအကျ လိုက်နာဖို့အတွက် သင်တန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရပ်ကျေးအထိကို ရပ်ကျေးကော်မရှင် အဖွဲ့ခွဲတွေ ကနေတစ်ဆင့် အဆင့်အဆင့် သင်တန်းတွေပေးပြီးဖြစ်သလို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တာဝန်ပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ခုနက ဆရာဦးဝင်းဦးခိုင်ပြောသွားတဲ့ အပြင်စည်းနဲ့ အတွင်းစည်း မှာရှိမယ့် အဖွဲ့တွေကို ဘယ်လိုလိုက်နာရမလဲဆိုတာတွေကို ဗဟိုအဆင့်ကနေ သင်တန်းပေးပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နဲ့ မြို့နယ်အဆင့်ဆင့်ကို အောက်တိုဘာ လကုန် ၃၁ ရက်မှာ အပြီးသင်တန်းပေးပြီး ဖြစ်ပါတယ်။
ဒီလိုဆင့်ပွားသင်တန်းတွေ ပေးပြီးတဲ့နောက်မှာ သူတို့တကယ်အသုံးပြုရမယ့် တစ်ကိုယ်ရေသုံး အကာ အကွယ်ပစ္စည်းတွေကိုလည်း ကျွန်မတို့ ဖြန့်ဖြူးပေးပြီး ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် မဲရုံ နေရာရွေးချယ်တာကအစ ကျွန်မတို့ရဲ့ လုပ်ငန်းလမ်းညွှန် ထဲမှာ ဖော်ပြပါရှိတာက လေဝင်လေ ထွက်ကောင်းပြီး နေရာကျယ်ဝန်းတဲ့နေရာမျိုးကို ရွေးချယ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေကို အများစု ရွေးချယ်တာဖြစ်ပါတယ်။
အဲဒီလို ရွေးချယ်ထားတဲ့နေရာတွေကို အသုံးပြုပြီး မဲရုံတည်ဆောက်ဖို့အတွက် ဖြစ်ပါတယ်။ ပြီးတော့ အဝင် တစ်လမ်း၊ အထွက်တစ်လမ်း ရှိရမယ်။
တကယ်လို့ မဲရုံကို မဲလာပေးတဲ့ ဆန္ဒရှင်တွေက အလွန်များတယ်ဆိုရင် အဆိုင်းခွဲပြီး လမ်းတွေကို လိုင်း အလိုက် သတ်မှတ်ဖို့ စီစဉ် ထားပါတယ်။
ဒီလိုင်းတွေမှာ တန်းစီမယ့်လူတွေကလည်း တစ်ဦးနဲ့ တစ်ဦး ထိကပ်နေလို့ မဖြစ်တဲ့အတွက် စုဝေးမှု မဖြစ်အောင် လည်း ၆ ပေစီခြားပြီးတော့မှ အမှတ်အသားတွေပြုပြီး မဲပေးနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီမှာ အလွန် အရေးကြီးတာက အမှိုက်တွေ၊ Mask တွေကို လွှင့်ပစ်လို့ မဖြစ်တဲ့အတွက် အဖုံးပါတဲ့ အမှိုက် ပုံးတွေ ချထားပေးဖို့ အတွက်ကို စီစဉ်ထားတာဖြစ်ပါတယ်။
မဲရုံကို အသုံးမပြုခင် ပြင်ဆင်နေတဲ့အချိန်မှာ ပိုးသတ်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ဖို့ ကြိုတင်ပြီး စီစဉ်ထားပါတယ်။ ကျွန်မတို့ ကျန်းမာရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေဆိုရင်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတွေရဲ့ အမည်တွေ၊ ဖုန်းနံပါတ်တွေကို ကျွန်မတို့ရဲ့ စံလုပ်ငန်းလမ်းညွှန်ထဲမှာ ထည့်သွင်းပြီး ချိတ်ဆက်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။
အရေးအကြီးဆုံးအချက်က ပညာပေးပိုစတာတွေကို မဲရုံအဝင်ဝတွေမှာ ကပ်ထားပေးဖို့ မဲရုံတိုင်းမှာ စီစဉ်ထား တာ ဖြစ်ပါတယ်။ မဲရုံဝန်ထမ်းတွေအနေနဲ့ တာဝန် ထမ်းဆောင်ဖို့ မဲရုံကိုလာတဲ့အချိန်၊ မဲပေးမယ့်နံနက်မှာ သူသည် ချောင်းဆိုးနေတယ်၊ ဖျားနေတယ်၊ နောက်ပြီး ဖျားနေတဲ့သူ မိသားစုထဲမှာရှိပြီး ထိတွေ့မှုရှိတယ်။ ဒါမှမဟုတ်ရင် အသွားအလာကန့်သတ်ထားတဲ့သူတွေနဲ့ ထိတွေ့မှုရှိတယ်။ ဒါမှမဟုတ် ကိုဗစ် - ၁၉ ဓာတ်ခွဲ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိတယ်။ ဒီလို အခြေအနေ မျိုးရှိခဲ့ရင် မဲရုံမှူးကို ခွင့်တိုင်ကြားပြီး တာဝန်လာရောက် ထမ်းဆောင်ခြင်းမပြုဖို့ လိုအပ်ပါတယ်ဆိုတာကို ကျွန်မ ဖြေကြားလိုပါတယ်။
ဝန်ထမ်းတွေအားလုံးက ထုတ်ပေးထားတဲ့ တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေကို မှန်ကန် စွာ ဝတ်နိုင်ဖို့ လိုအပ်ပါတယ်။ Mask ကို သေသေချာချာ တပ်ဖို့ ကျွန်မတို့မှာ ပိုစတာတွေလည်း ရှိတယ်။ ဗီဒီယို လည်း ရိုက်ထားပါတယ်။ အဲဒီအတိုင်း မှန်ကန်စွာ အသုံးပြု ဖို့ လိုပါတယ်။ Face Shield ကိုလည်း မှန်ကန်စွာ တပ်ဖို့၊ Gloves ကိုလည်း မှန်ကန်စွာသုံးဖို့ လိုအပ်ပါတယ်။
နေ့လယ်ထမင်းစားချိန်မှာ ခဏဖြုတ်ခဲ့မယ်ဆိုရင်လည်း သေသေချာချာစွန့်ပစ်ပြီး အသစ်ပြန်လည်အသုံးပြုဖို့ လုံလောက်အောင် ပစ္စည်းထုတ်ပေးနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ထားမယ်ဆိုရင် ကျွန်မတို့ရဲ့ မဲရုံဝန်ထမ်းတွေဘက်ကလည်း လုံခြုံစိတ်ချစွာ တာဝန် ထမ်းဆောင်နိုင်မယ်လို့ ကျွန်မယုံကြည် ပါတယ်။
လုံခြုံစိတ်ချစွာမဲပေး
အခြားတစ်ဖက်က မဲဆန္ဒရှင်တွေကလည်း ကျွန်မတို့ ထုတ်ပေးတဲ့ KN95 Mask ကို သုံးပြီး ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ လမ်းညွှန်ချက်အတိုင်း မှန်ကန်တိကျစွာ အသုံးပြုပြီးဆောင်ရွက်သွားမယ်ဆိုရင် လုံခြုံစိတ်ချစွာ မဲပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်ကျွန်မတို့ ကျန်းမာရေးအပိုင်းက တာဝန်ရှိတဲ့ အပိုင်း ၂ ချက်ကျန်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ မဲပေးပြီးလို့ အကုန်လုံးပြန်သွားလို့ မဲရုံပိတ်ပြီးတဲ့အချိန်၊ မဲရေတွက်ရမှာ ဖြစ်ပါတယ်။ မဲရေတွက်ခြင်း လုပ်ငန်း တွေကို လည်း စနစ်တကျဆောင်ရွက်ရမှာ ဖြစ်တယ်။ မဲရေတွက် တဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးလည်း KN95 Mask ၊ Face Shield နဲ့ Surgical Gloves တွေကို မဖြစ်မနေ ဝတ်ဆင် ပြီးမှ မဲရေတွက်ရမှာ ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ၆ ပေ အကွာအဝေးထားပြီး ရေတွက်ရမယ်။ လိုအပ်ရင် Hand Sanitizer Spray နဲ့လည်း လက်ကို မကြာခဏသန့်စင်ပြီး စီစဉ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ အုပ်စုတစ်ခုရှိပါတယ်။ မဲရုံအတွင်းမှာ မဲရုံဝန်ထမ်းအပြင်၊ မဲဆန္ဒရှင်တွေအပြင် မဲပေးတဲ့အချိန်မှာ စောင့်ကြည့်နေမယ့်ပါတီက ပုဂ္ဂိုလ်တွေ၊ လာရောက် လေ့လာသူတွေကလည်း ကျွန်မတို့ သတ်မှတ်ပေးထားတဲ့ တစ်ကိုယ်ရေသုံးအကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်ပြီး ၆ ပေစီခြားပြီးမှ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မဲရေတွက် တဲ့အချိန်မှာလည်း ဒီပုဂ္ဂိုလ်တွေသည် ဒီလိုစည်းမျဉ်း စည်းကမ်းတွေကိုလိုက်နာပြီး စောင့်ကြည့် ရမှာဖြစ် ပါတယ်။
မဲပေးပြီးတဲ့အခါ၊ မဲရေတွက်မှုလုပ်ငန်းတွေ အကုန်လုံးပြီးသွားတဲ့အခါ ကျွန်မတို့အနေနဲ့ ပိုးသတ်ခြင်း လုပ်ငန်းကိုလည်း စနစ်တကျဆောင်ရွက်သွားဖို့ လုပ်ငန်း လမ်းညွှန်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ မဲရုံဝန် ထမ်း တွေရော၊ စေတနာ့ဝန်ထမ်းတွေရော ဒီလုပ်ငန်းလမ်းညွှန် အတိုင်း အတိအကျဆောင်ရွက် သွားကြမယ် ဆိုရင် ပြည်သူ တွေအားလုံးသည် စိတ်ချယုံကြည်စွာရွေးကောက်ပွဲမှာ မဲပေးနိုင်မယ်ဆိုတာကို ယုံကြည်ပါ တယ်။ ရွေးကောက်ပွဲ ကလည်း ဒီအစီအမံတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ ယုံကြည်ကြောင်း တင်ပြလိုပါတယ်။
ဒီနေ့မှာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မေးခွန်းတွေကို ရွေးထုတ်ပြီး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အစီအစဉ် မှာ ဖြေကြားပေးတဲ့ ဆရာကြီး ပါမောက္ခဒေါက်တာ ဦးစိုးလွင်ငြိမ်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဆရာဦးဝင်းဦးခိုင်တို့ကို ကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်ရှင်။
ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်