Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၈

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး(၃/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထို့အတူ ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင် ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီက အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရရှိပြီးဖြစ်သည့် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများ၏ အတည်ပြုလူဦးရေစာရင်းကို မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ အတည်ပြုစာရင်းများ ပေးပို့ခဲ့ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲ မကျင်းပမီကြားကာလတွင် လူဦးရေပြောင်းလဲမှုများသည် နေ့စဉ်နှင့်အမျှ ဖြစ်နိုင်ခြင်းကြောင့် ယင်းကြားကာလအတွင်း ပြောင်းလဲလာမည့် လူဦးရေစာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးချပြ ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း။

ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း မဲစာရင်းတွင်ပါဝင်ရမည်ဖြစ်သကဲ့သို့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ယခုကြားကာလအတွင်း မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝကစသည့် ဌာနသုံးခုအနေဖြင့် လက်ရှိမြေပြင်တွင်အကြောင်း အမျိုးမျိုးကြောင့် မိမိမြို့နယ်အတွင်း ပြောင်းဝင်/ ပြောင်းထွက်ကြသည့်စာရင်းများ၊ ကွယ်လွန်သွားသူများကို အချိန်နှင့်တစ်ပြေးညီ တိုက်ဆိုင်စိစစ်ပြီး လဝက၏ လက်ရှိအိမ်ထောင်စုလူဦးရေ စာရင်းနှင့်ကိုက်ညီစေရေး စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက လက်ရှိ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲမတိုင်မီကြားကာလအတွင်း လူဦးရေပြောင်းလဲမှုများအပေါ် အဆင့်ဆင့်တင်ပြဆောင်ရွက် သွားမည့်အစီအစဉ်၊ ပန်းခင်းစီမံချက်အဆင့်(၃) လျာထားချက်ပြည့်မီပြီးစီးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရန် ဌာနအလိုက်ပံ့ပိုးကူညီပူးပေါင်းဆောင် ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်