အနုပါဒေါ၊ အနုပဃာတော။
သူတစ်ပါးကို မကဲ့ရဲ့ အပြစ်မတင်ရာ၊ သတ်ပုတ် မညှဉ်းဆဲ ရာ။ (ဓမ္မပဒ ဗုဒ္ဓဝဂ်)။
ပုထုဇဉ်လူသားတို့သဘာဝအမှားအယွင်းမကင်းကြ၊ လူတို့၏ ရင့်ကျက်မှုနှင့် ပညာပါရမီပေါ်မူတည်၍ ချို့က အပြစ်ကို ဖန်တလဲလဲရင်း အပြစ်နွံထဲက လွတ်ကင်းနိုင်ဘဲ နောင်တတစ်ဖန်ပူပင်ခြင်းများဖြင့် အကျိုးမဲ့စွာ နေ၏။ အချို့က မိမိအပြစ်မှ လွတ်ကင်းရေးကို အားထုတ်၏။ အချို့က အခြားသူ တစ်ပါးကို အပြစ်ရှာရင်း မိမိ အတွက် အမြတ်ထုတ်ရန် ကြိုးစာ၏။ အချို့က အမှားအယွင်းကို လက်ခံကာ မိမိ၏အပြစ်ကိုဝန်ခံ၏။ ထို့နောက် အမှားအယွင်း၏ ရင်းမြစ်ကိုသိအောင်ကြိုးစားကာ အမှားကို ပြင်ဆင်ရန် ကြိုးစာ၏။
အပြစ်ရှာကဲ့ရဲ့ပြစ်တင်နေခြင်းက ပိုမိုကောင်းမွန်သည့်အနေ အထားတစ်ခုဆီသို့ ဦးတည်သွားလိမ့်မည်မဟုတ်။ အထူးသဖြင့် ကြီးမားသော အခက်အခဲအကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ ရသည့်အခါ ပိုမို၍ တည်ငြိမ်စွာ တွေးဆ အဖြေရှာရန်လိုပါသည်။ အပြစ်တင်ခြင်းသက်သက်က အဖြေရှာဖွေခြင်းမဟုတ်။ အအက်အခဲ အကျပ် အတည်းတွင်းက လွန်မြောက်နိုင်သည့် အဖြေကိုရနိုင်ရေးမှာ အခြေအနေအရပ်ရပ်ကို ထောင့်ပေါင်းစုံက သိမြင်နှံ့စပ်ပြီး ဆက်ချို့ယွင်းချက်များကို ပြုပြင်ရန် ကြိုးစားခြင်းဖြစ်ပါမည်။ အနေအထားတစ်လုံးပေါ် ကိုယ်တိုင်လည် စနစ်တကျ ဝေဖန် သုံးသပ်မှုများ ပြုလုပ်သလို အခြားသောသူတို့၏ စနစ်တကျ သုံးသပ် ဝေဖန် မှုများကို နားထောင်လက်ခံရ၏။ ။
အပြစ်တင်ဝေဖန်ခြင်းသက်သက်သည်မူလွယ်၏၊ အခြားသူ တစ်ပါးကို လက်ညှိုးထိုး ပြစ်တင် လိုက်ရုံသာ။ စနစ်တကျ ဝေဖန် ပြောဆိုရင်း မည်သို့ဖြေရှာနိုင်မလဲ ဆိုသည် ကသာ ပိုမိုတိုးမြင့် ကောင်းမွန်ရေးကို ရှေ့ရမည် ဖြစ်၏။
အပြစ်တင်ကဲ့ရဲ့ခြင်းသက်သက်ဖြင့် လှပငြိမ်းချမ်းသော လောကကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ စနစ်တကျဝေဖန်ဆိုသည် ဆိုရာတွင်လည်း အချို့သော အကြောင်းကိစ္စများ သည် ဝေဖန်ပြောဆိုသူသည် ထိုအကြောင်းကိစ္စနှင့်ယော်သက်၍ မည်ရွေ့မည်မျှ ပြောဆိုဝေဖန်နိုင်သည့် နေရာတွင်ရှိသလဲဆို သည်က အရေးပါပါသည်။ နျူကလီးယား ရူပဗေညီမျှခြင်း တစ်ခုကို ဝေဖန်ပြောဆိုမည့်သူသည်သိပ္ပံစာအုပ် တစ်အုပ် နှစ်အုပ် ဖတ်ထားရုံမျှဖြင့် မလုံလောက်ဟူသည့် သဘောဖြစ်ပါသည်။ဘာသာရေး၊ သိပ္ပံ ဝိဇ္ဇာ၊ သမိုင်း၊ စာပေ၊ ပန်းချီ အနုပညာ ယဉ်ကျေးမှု နယ်ပယ်အသီးသီးတွင် မိမိ၏အကြိုက် မကြိုက်ကို ပြောဆိုနေခြင်းက အကြောင်း မဟုတ်သော်လည်း ဝေဖန်ပြစ်တင် မည်ဆိုလျှင်မူ ပြောဆိုဝေဖန်မည့်သူတွင် ထိုသို့ ပြောဆိုခွင့်ရှိ၏
လော ဟူသည်ကို ပြောလိုရင်းဖြစ်ပါသည်။ နိုင်ငံတကာ နယ်ပယ် တွင်ထိုသို့ဝေဖန်ပြောဆိုမှုများတွင်မူယင်ကို ဝေဖန်ပြောဆိုနေသူ သည် မည်မျှ authoritative ဖြစ်သလဲဟု မေးထုတ်ခြင်ရှိ၏။ ထိုသူ၏ဝေဖန်မှုကို မည်မျှ လောက် ယုံကြည်လက်ခံရနိုင်မလဲဟု ချိန်ဆခြင်းဖြစ်ပါသည်။
ယင်းသို့ဖြင့် စနစ်ကျနသော ဝေဖန်သုံးသပ်မှုများကို အခြေခံကာ အားနည်းချက်၏ ရင်းမြစ်ကိုသိပြီး စနစ် တကျ ခြုံငုံသုံးသပ် ဆန်းစစ်ပြီးမှ ပေါ်လစီ၏ အားသာချက်၊ အားနည်းချက်၊ မူဝါဒ၏ အားကောင်းချက်၊ ချို့ယွင်းချက် သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်နေသူတို့၏ အားသာချက်၊ ချို့ယွင်းချက်တို့ကို အဖြေရှာရင်း ပိုမိုတိုးတက်ကောင်းမွန်သည့် နည်းလမ်းကို ရှာဖွေ ကြ၏။
ဤသို့ဖြင့် အမှားကို ပြင်ရ၏။ အမှန်ကိုရှေးရှုကာ ပြင်ဆင်ရ မည်တို့ကို ပြင်ဆင်ရ၏။ ဆက်လက် လျှောက်လှမ်း ရမည့် ခရီးကို ဆက်လက်ချီတက်ကြ၏။
ဤဤနည်းဖြင့် စနစ်ကျနစွာ ဝေဖန်ခြင်း၊ သုံးသပ်ခြင်း၊ ပြန်လည်ဆန်းစစ်လေ့လာခြင်း၊ ပြုပြင်စရာရှိပါက ပြုပြင်ခြင်းတို့ဖြင့် လူ့လောကလူ့သမိုင်းကအဆင့်ဆင့်တိုးတက်မြင့်မားလာခြင်း ဖြစ်သည်ဟု ယုံကြည် ပါကြောင်း။ ။