Skip to main content

သက်ရှိတို့အတွက် အရေးပါသည့် အိုဇုန်းလွှာကာကွယ်

လူနှင့်သက်ရှိတို့ရှင်သန်နေထိုင်ရာ မြေကမ္ဘာ၏ အထက်ကောင်းကင်ယံ ဒုတိယအလွှာတွင် အိုဇုန်းဟုခေါ်သော အပြာရောင်ဖျော့ဖျော့နှင့် စူးရှရှအနံ့ရှိသည့် ဓာတ်ငွေ့အလွှာတစ်လွှာရှိသည်။ အမြင့်ပိုင်းတွင်ရှိနေသည့် ထိုဓာတ်ငွေ့အလွှာသည် လူ၊ သတ္တဝါနှင့် သစ်ပင်တို့အတွက် ကောင်းကျိုးပြုနိုင်ခြင်းကြောင့် အကျိုးပြုအိုဇုန်းဟု ဆိုရမည်ဖြစ်သော်လည်း လေထုအနိမ့်ပိုင်း၌ ရှိနေသည့် အိုဇုန်းမှာမူလေထုညစ်ညမ်းမှုကို ဖြစ်စေခြင်းကြောင့် အကျိုးမပြုအိုဇုန်းဖြစ်သည်။

လေထုအထက်ပိုင်းရှိ အကျိုးပြုအိုဇုန်းသည် အလွှာပါးပါးကလေးအဖြစ်သာ တည်ရှိနေခြင်းဖြစ်ပြီး နေရောင်ခြည်တွင်ပါလာသော ကမ္ဘာမြေပေါ်တွင်ရှိသည့် သက်ရှိအားလုံးကို အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်အများစုကို စုပ်ယူထားပြီး ကာကွယ်ပေးနေခြင်းဖြစ်သည်။ နေရောင်ခြည်သည်ခရမ်းလွန်ရောင်ခြည် UV - C (လှိုင်းအလျား ၁၀၀ မှ ၂၈၀ နာနို မီတာ)၊ UV-B (လှိုင်းအလျား ၂၈၀ မှ ၃၁၅ နာနိုမီတာ) နှင့် UV-A (လှိုင်းအလျား ၃၁၅ မှ ၄၀၀ နာနိုမီတာ) တို့ကို ထုတ်လွှတ်လျက်ရှိရာ ကမ္ဘာမြေပြင်အထက် အမြင့် ၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာကြားရှိ စထရာတိုစဖီးယားအလွှာတွင် တည်ရှိသော အိုဇုန်းလွှာကသက်ရှိများအတွက် အန္တရာယ်ဖြစ်ပေါ်စေသည့် UV - C ကို ၁၀၀ ရာခိုင်နှုန်း၊ UV - B ကို ၉၅ ရာခိုင်နှုန်းအထိ စုပ်ယူထားလိုက်ခြင်းဖြစ်ပြီး ကျန်သည့်ပမာဏအနည်းငယ်သာ ကမ္ဘာသို့ ကျရောက်လာခြင်းဖြစ်သည်။

လူနှင့်သက်ရှိတို့အတွက် အရေးပါသည့်အိုဇုန်းလွှာ ပျက်စီးမှုဖြစ်ပေါ်နေကြောင်းကို သိပ္ပံပညာရှင်များက လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ က စတင်တွေ့ရှိခဲ့ကြပြီး ယင်းသို့ဖြစ်ပေါ်ခြင်းသည် လူတို့သုံးစွဲနေကြသည့် ဓာတုပစ္စည်းများကြောင့် ဖြစ်သည်ဟုလည်း သိရှိခဲ့ကြသည်။ လူတို့၏ နေ့စဉ်နေထိုင်မှုဘဝတွင် အသုံးပြုနေကြသည့် ရေခဲသေတ္တာ၊ လေအေးပေးစက် စသည်တို့တွင် အသုံးပြုသော ကလိုရင်းပါဝင်သည့် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန်၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအချို့တွင် ပါဝင်သည့် ဘရိုမင်းစသည်တို့အပါအဝင် အိုဇုန်းလွှာပျက်စီးစေတတ်သော ဒြပ်ပစ္စည်းများ (Ozone Depleting Substance - ODS) သုံးစွဲမှု များပြားလာခြင်းကြောင့် စထရာတိုစဖီးယားအလွှာရှိ အိုဇုန်းမော်လီကျူးများနှင့် ဓာတ်ပြုပျက်စီးစေခြင်းဖြင့် အိုဇုန်းလွှာပါးလွှာမှု၊ ပေါက်ပြဲမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

အိုဇုန်းလွှာပျက်စီးမှုကို ဖြစ်ပေါ်စေသည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) အစား ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ကို အစားထိုးသုံးစွဲရာတွင်လည်း ၎င်းတို့မှာ မှန်လုံအိမ်အာနိသင်ရှိသော ဓာတ်ငွေ့များဖြစ်သည့်အတွက် ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်စေရန် တွန်းအားပေးမှုဖြစ်ပေါ်စေသည်။ အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ရေးသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှသာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်ရာ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း ၁၉၈၅၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် ၁၉၈၇၊ လန်ဒန်ပြင်ဆင်ချက် ၁၉၉၀၊ ကိုပင်ဟေဂင်ပြင်ဆင်ချက် ၁၉၉၂၊ မွန်ထရီယယ်ပြင်ဆင်ချက် ၁၉၉၇၊ ပေကျင်းပြင်ဆင်ချက် ၁၉၉၉ နှင့် ကီဂါလီပြင်ဆင်ချက် ၂၀၁၆ တို့ကို ချမှတ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ (၄၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးကြသည့် စက်တင်ဘာ ၁၆ ရက်ကို အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အဖြစ် ပြောင်းလဲသတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိသည်။

မိမိတို့ပြည်သူတစ်ဦးချင်းအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ပါဝင်သောပစ္စည်းများကို မသုံးစွဲခြင်း၊ အိုဇုန်းလွှာမထိခိုက်စေသည့် အစားထိုးပစ္စည်းများကို သုံးစွဲခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်းနည်းလမ်းများဖြင့် အိုဇုန်းလွှာထိန်းသိမ်းရေးတွင် လူတိုင်းပါဝင်ကြရပါမည့်အကြောင်း။ ။