ရောဂါတစ်မျိုးမျိုး သို့မဟုတ် ဘေးအန္တရာယ်တစ်ခုခုနှင့်ကြုံတွေ့သည့် တစ်ဦးတစ်ယောက်အား ကြိုတင်ပြုစုကနဦးစောင့်ရှောက်မှုပြုခြင်းကို ရှေးဦးပြုစုခြင်းဟုဆိုသည်။ အဆိုပါလုပ်ငန်းကို သူနာပြုကဲ့သို့ ကျန်းမာရေးဆိုင်ရာကူညီဆောင်ရွက်ပေးသူများသာမက အထူးအားဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးကြသည်။ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့များက ရောဂါ၊ ဘေးအန္တရာယ်တစ်မျိုးမျိုး ကြုံတွေ့ရသောပြည်သူများအသက်အန္တရာယ်နှင့် ထိခိုက်မှုတို့မှ ကြိုတင်ကာကွယ်အရေးပေါ်ရှေးဦးပြုစုခဲ့ကြသည်ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်စက်တင်ဘာလ ၁၃ ရက်နေ့တွင် “ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့” ကျင်းပလေ့ရှိသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီ အသင်းဝင်ကြက်ခြေနီနိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် နှစ်တစ်နှစ်၏ စက်တင်ဘာလ ဒုတိယပတ်စနေနေ့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အဖြစ်သတ်မှတ်ပြီး အခမ်းအနားများကျင်းပကြရာ ယနေ့တွင် မွန်မြတ်သောစေတနာဖြင့် ရှေးဦးပြုစုကုသစောင့်ရှောက်ကြသည့် ကမ္ဘာတစ်ဝန်းမှ ကြက်ခြေနီများအား ဂုဏ်ပြုကြရပေမည်။ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်း အထိမ်းအမှတ်အခမ်းအနားကို ၂၀၀၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် ၂၃ ကြိမ် ရှိပြီဖြစ်သည်။ ယခုနှစ်ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်မှာ “ရာသီဥတုဖောက်ပြန် သဘာဝဘေးရန် ရှေးဦးပြုစုခြင်းဖြင့် တို့တုံ့ပြန်”ဟု သတ်မှတ်ထားရာ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြမည်ဟု မျှော်လင့်သည်။
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အတွက် သတ်မှတ်ထားသောဆောင်ပုဒ်သည် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို ထင်ဟပ်နေသဖြင့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေကြသည်ကိုလည်း တွေ့မြင်နေရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူသားချင်းစာနာထောက်ထားမှုစိတ်အပြည့်ဖြင့် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးရုံသာမက နိုင်ငံအတွင်း၌ လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ မမျှော်လင့်ဘဲ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့ရချိန်တွင် အရေးပေါ်ကူညီဆောင်ရွက်ပေးခြင်း၊ ပုံမှန်အားဖြင့် ကျန်းမာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးခြင်း၊ စေတနာသွေးလှူရှင်နှင့် အရေးပေါ်လူနာတင်ယာဉ်များကူညီခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်ကကြုံတွေ့ခဲ့သည့် မုန်တိုင်းတိုက်ခတ်မှုနှင့် ကူးစက်ရောဂါဖြစ်ပွားမှုတွင် အရေးပေါ်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ မုန်တိုင်းကြိုတင်ပြင်ဆင်တုံ့ပြန်ခြင်းလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကာလများတွင်လည်း ကာကွယ်တားဆီးခြင်းနှင့် တုံ့ပြန်ခြင်းလုပ်ငန်းများတွင် ကြက်ခြေနီစေတနာရှင် လုပ်အားရှင်များက ရပ်ရွာများတွင် အသိပညာပေးခြင်း၊ လူနာများအား ဆေးရုံ၊ ဆေးခန်းများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ ကလိုရင်းဆေးခတ်ရာတွင် ကျန်းမာရေးဌာနနှင့်အတူ ကူညီဆောင်ရွက်ပေးခြင်း၊ ဓာတ်ဆားထုပ်များနှင့် ကလိုရင်းဆေးမှုန့်များ ဝေငှပေးခြင်းအပြင် မျောက်ကျောက်ရောဂါကာကွယ်ရေးတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ယခုနှစ်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးကာလတစ်လျှောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုကုသစောင့်ရှောက်ခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သည်။ မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နှစ်စဉ်ကြုံတွေ့ခံစားနေကြရရာ သဘာဝဘေးသင့်ပြည်သူများအား နိုင်ငံတော်ကကူညီစောင့်ရှောက်ပေးသည့် လုပ်ငန်းများတွင်လည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပါဝင်ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးတွင်သာမက အဆိုပါသဘာဝဘေးအန္တရာယ်တွင် အကျုံးဝင်သည့်လက်နက် ကိုင်ပဋိပက္ခဘေးအန္တရာယ် ကျရောက်သူများကိုလည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် တတ်နိုင်သမျှ ကူညီစောင့်ရှောက်သင့်ပေသည်။
ကမ္ဘာ့ကြက်ခြေနီ မိခင်၊ ဖခင်ကြီးများဖြစ်သည့် ဟင်နရီဒူးနန့်၊ ဖလောရင့်နိုက်တင်ဂေးလ်ကဲ့သို့ ပုဂ္ဂိုလ်များသည် စစ်ပွဲကြီးများအတွင်း ထိခိုက်ဒဏ်ရာရရှိကြသူများအား သက်စွန့်ဆံဖျား ရဲရဲဝံ့ဝံ့ကူညီစောင့်ရှောက်မှုများမှာ အလွန်မွန်မြတ်ပြီး ဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အတွက် ထုတ်ပြန်ထားသည့် “ရာသီဥတုဖောက်ပြန်သဘာဝဘေးရန် ရှေးဦးပြုစုခြင်းဖြင့် တို့တုံ့ပြန်” ဆောင်ပုဒ်နှင့်အညီ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ပိုင်နိုင်စွာ တတ်ကျွမ်းထားသည့် ရှေးဦးပြုစုခြင်းနည်းစနစ်များကို အများပြည်သူအား ပြန်လည်မျှဝေပေးခြင်းနှင့် လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်နေသော၊ ဘေးအန္တရာယ်ကျရောက်နေသော ပြည်သူတိုင်းအား ကြက်ခြေနီကဏ္ဍမှနေ၍ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။