နိုင်ငံသူနိုင်ငံသားများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှုလျှော့ချပေးနိုင်ရေး အာရုံစိုက်၍ အလေးထားဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ တရုတ်နိုင်ငံသို့ သွားရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အပေါင်းအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025 Plus)နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း၊ ထို့အပြင် ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြို့နှင့် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့များသို့လည်း သွားရောက်လေ့လာခဲ့ကြောင်း။
SCO အစည်းအဝေးနှင့် GGI အချက်(၅)ချက်
မိမိတို့နိုင်ငံသည် SCO အဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025 Plus) သို့ တက်ရောက်ခဲ့ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ၎င်းအဖွဲ့သည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကဦးဆောင်၍ ဒေသတွင်းလုံခြုံရေးအတွက် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် နိုင်ငံများစွာပါဝင်လာပြီး လုပ်ငန်းပမာဏသာမက အင်အားကြီးမားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်လာသည်ကိုလည်း တွေ့ရှိရကြောင်း။
SCO အဖွဲ့တွင် မူလအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ လေ့လာသူနိုင်ငံများပါဝင်သည်ကို တွေ့ရကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများအားလုံး၏ GDP မှာ ၃၀ ဒသမ ၁၇၁ ထရီလီယံ ရှိသည်ကိုတွေ့ရကြောင်း၊ ထိုအထဲတွင် GDP အမြင့်ဆုံးမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ SCO အဖွဲ့၏ စုစုပေါင်းလူဦးရေမှာလည်း ၃ ဒသမ ၉၀၅ ဘီလီယံရှိသည်ကိုတွေ့ရကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် လေ့လာဖက်နိုင်ငံများအားလုံးတွင် စက်မှုလုပ်ငန်းဆောင်ရွက်သည့်နိုင်ငံများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်သည့်နိုင်ငံများ၊ သယံဇာတပစ္စည်းများကြွယ်ဝသည့်နိုင်ငံများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကြွယ်ဝသည့်နိုင်ငံများ စသည့်နိုင်ငံများ အသီးသီးပါဝင်သကဲ့သို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံများပါဝင်ပြီး ဘာသာပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကဏ္ဍပေါင်းစုံပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် မိမိတို့နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် များစွာကျိုးရှိမည်ဖြစ်ကြောင်း။
ကမ္ဘာပေါ်၌ အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့မလိုလားသော နိုင်ငံများ၊ အစိုးရများအပေါ် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ဘဏ္ဍာရေးအရ၊ အုပ်ချုပ်ရေးအရ ဖိနှိပ်မှုများနှင့် ခွဲခြားဆက်ဆံမှုများရှိကြောင်း၊ ၎င်းကိစ္စများအား နိုင်ငံတကာအဖွဲ့အစည်းများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆက်ဆံရေးတိုးမြှင့်သွားရန်လိုကြောင်း။
ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင် ရေးစစ်ပွဲအောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနား
မိမိနှင့်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးက အလေးနက်ထားစောင့်ကြည့်ခဲ့ရသော အခမ်းအနားဖြစ်ပြီး အဓိကအချက် ၃ ချက်ကို မှတ်မှတ်ထင်ထင်တွေ့မြင်ခဲ့ရကြောင်း၊ ပထမအချက်မှာ တရုတ်တပ်မတော်၏ လေ့ကျင့်သားပြည့်ဝမှုကိုမြင်တွေ့ခဲ့ရကြောင်း၊ ဒုတိယအချက်မှာ စစ်ရေးပြအခမ်းအနားတွင် ပြသခဲ့သည့် စစ်လက်နက်ပစ္စည်းများသည် ကမ္ဘာကြီးကိုကာကွယ်ပေးနိုင်သော ကမ္ဘာကြီး၏ အင်အားချိန်ခွင်လျှာကိုထိန်းညှိပေးနိုင်သည့် စွမ်းပကားရှိသည်ကို လေ့လာသိရှိရသည့်အတွက် တရုတ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားမှာ များစွာတိုးတက်လာသည်ကိုတွေ့ရကြောင်း၊ တတိယအချက်အနေဖြင့် တရုတ်နိုင်ငံသားများ၏ စည်းကမ်းရှိမှု၊ စနစ်ကျနမှုတို့ပင်ဖြစ်ကြောင်း၊ သမ္မတကြီး ချီကျင့်ဖျင်၏ မိန့်ခွန်းတွင်တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအပေါ် ကျရောက်နိုင်သည့် ခြိမ်းခြောက်မှုများအားလုံးကို တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရင်ဆိုင်နိုင်သည်ဟု ထည့်သွင်းပြောကြားသွားကြောင်း၊ ကမ္ဘာကြီးကို ကာကွယ်ပေးနိုင်သည့် စွမ်းပကားရှိသည်ကို မြင်တွေ့ခဲ့ရကြောင်း။
အစည်းအဝေးနှင့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ချိန်အတွင်း တရုတ်နိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံသမ္မတ၊ လာအိုနိုင်ငံသမ္မတို့အပါအဝင် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်နိုင်ရေး ၎င်းတို့အနေဖြင့် လိုလားသည်ကိုတွေ့ရကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံတို့အပါအဝင် အခြားနိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း နိုင်ငံအလိုက် ကုန်သွယ်မှုလုပ်ငန်းများ ယခုထက်ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးလမ်းကြောင်းများ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်လည်း ဆွေးနွေးနိုင်ခဲ့ကြောင်း။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အဆိုပြုချက်(၅)ခု ၊ Global Governance Initiative (၅)ချက်ကို တင်သွင်းခဲ့ကြောင်း၊ ပထမအချက်မှာ နိုင်ငံတိုင်းသည် တန်းတူအခွင့်အရေးရှိကြောင်းကို အခြေခံ၍ ကမ္ဘာ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်သင့်သည်၊ ဒုတိယအချက်မှာ ကမ္ဘာ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၌ နိုင်ငံတကာဥပဒေသည် နိုင်ငံအားလုံးအပေါ်တွင် အညီအမျှစိုးမိုးရမည်ဟူသော အချက်ပေါ်တွင်အခြေခံသည်၊ တတိယအချက်မှာ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်သည် နိုင်ငံအများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှုအပေါ်တွင် အခြေခံထားသင့်သည်၊ စတုတ္ထအချက်မှာ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်တွင် ပြည်သူကိုဗဟိုပြုချဉ်းကပ်သော နည်းလမ်းများအပေါ်တွင် အခြေခံထားသင့်သည်၊ ပဉ္စမအချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်သည် စစ်မှန်သောရလဒ်များပေါ်တွင်သာ အခြေခံထားသင့်သည်ဟုပါရှိကြောင်း၊ ထို့ကြောင့် အဆိုပါဆွေးနွေးချက်(၅)ချက်သည် မိမိတို့နှင့် သဘောထားချင်းနီးစပ်ကိုက်ညီသည့်အတွက် မိမိအနေဖြင့် ထောက်ခံဆွေးနွေးခဲ့ကြောင်း၊ ၎င်းအချက်(၅)ချက်သည် ကမ္ဘာ၌လက်ရှိဖြစ်ပျက်နေသည့် ဖြစ်စဉ်များနှင့်လည်း ကိုက်ညီမှုရှိကြောင်း။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံအလိုက်မှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့နိုင်ငံနှင့်ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လိုသကဲ့သို့ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအပေါ်တွင် ထောက်ခံပါကြောင်းနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်သွားမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားနိုင်ခဲ့ကြောင်း၊ ထိုသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်းအတွက် မိမိတို့နိုင်ငံ၏ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း။
မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ အထူးအမြန်ရထားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုသို့စီးနင်းလိုက်ပါရသည့်အချိန်တွင်လည်း တရုတ်နိုင်ငံ၏ ရထားပို့ဆောင်မှုများမှာ အဆင့်မြင့်သည့် ပို့ဆောင်မှုစနစ်ဖြစ်သည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့နိုင်ငံတွင် ရထားပို့ဆောင်မှုစနစ် အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူများနှင့် သက်ဆိုင်သည့် ပို့ဆောင်ရေးစနစ်(Public Transportation) ရထားပို့ဆောင်ရေးစနစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်မှသာ ကောင်းမွန်သည့် ပို့ဆောင်ဆက်သွယ်ရေးစနစ်များ ဖြစ်လာမည်ဖြစ်ကြောင်း။
တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့တွေ့မြင်ခဲ့ရကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့် တွေ့ဆုံဆွေးနွေးစဉ်ကလည်း မိမိတို့နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများတောင်းခံခဲ့ပြီး မိမိတို့နိုင်ငံအတွက် အထောက်အပံ့များ အထိုက်အလျောက်ရရှိခဲ့ကြောင်း၊ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီနှင့် တွေ့ဆုံဆွေးနွေးစဉ်ကလည်း မိမိတို့နိုင်ငံ၏ ငလျင်ဘေးအလွန်ပြန်လည်ထူထောင်ရေးအတွက် အကူအညီများရရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးအတွက်လိုအပ်သည့် လမ်း၊ တံတားများ၊ အဆောက်အဦများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်မှသာ ပြည်သူများ၏ လူမှုဘဝများ ပုံမှန်ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ကြောင်း။
ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး
မိမိအနေဖြင့် တီယန်ကျင်းမြို့နှင့် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တို့၌ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယခင်ကဆောင်ရွက်လျက်ရှိသည့် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ကြန့်ကြာမှုမရှိစေရေး ပြန်လည်စိစစ်ဆောင်ရွက်ရန်လိုသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာခြင်း၊ နည်းပညာများရရှိခြင်းတို့မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။
ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် တရုတ်ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံလိုကြသည်ကို သိရှိခဲ့ရကြောင်း၊ ကုန်သွယ်မှုတွင်လည်း ယွမ်နှင့်ကျပ် တိုက်ရိုက်ပေးချေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏများစွာရှိကြောင်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို ဒေါ်လာဖြင့်သာမက ယွမ်နှင့်ပါ ဆောင်ရွက်နိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာပြီး နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို များစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနများအလိုက် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်တိုးတက်စေရေး နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် မြန်မာ-တရုတ်ကုန်သွယ်မှုနှင့် ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်းကို ဖွဲ့စည်းဆောင်ရွက်ရန် ပြောကြားထားပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများ ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍအား အချိန်ယူလေ့လာကြည့်ရာတွင် လမ်းစဉ်ပါတီခေတ်၌ လယ်ယာထွက်ကုန် ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး နဝတခေတ်တွင် လယ်ယာထွက်ကုန် ၃၀ ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်း၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်နှင့်တွင်းထွက်ပစ္စည်းများ ပိုမိုများပြားသည်ကိုတွေ့ရကြောင်း၊ နယကခေတ်တွင် လယ်ယာထွက်ကုန်များကို ၂၀ ရာခိုင်နှုန်းပတ်ဝန်းကျင်ခန့်သာရှိကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင်လည်း လယ်ယာထွက်ကုန်များကို ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အစိုးရသက်တမ်းကာလတွင် လယ်ယာထွက်ကုန်များကို ၃၉ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်းများထက် သယံဇာတပစ္စည်းများနှင့် CMP ထုတ်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်၍ လယ်ယာထွက်ကုန်ပစ္စည်းများကို ယခုထက်ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း။
မိမိတို့အစိုးရ၏ ၅ နှစ်တာကာလအတွင်း ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၂ ဘီလီယံကျော်ခန့်ရှိသည်ကို တွေ့ရကြောင်း၊ သို့သော်ယခုထက်ပိုမို၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံစီးပွားရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ၂၀၂၂ ခုနှစ်မှစတင်၍ နိုင်ငံအတွင်း စားသုံးဆီများလုံလောက်စွာ ထုတ်လုပ်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သော်လည်း ယခုအချိန်အထိ လုံလောက်မှုမရှိသေးကြောင်း၊ ထို့ကြောင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရပြီး နှစ်စဉ်နိုင်ငံခြားငွေများ ကုန်ကျလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်မည်၊ နေကြာစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီများ ဖူလုံမှုရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း။
ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေများရရှိနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများများစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းနေရသည့် ပြည်တွင်းထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုအတွက် အားလုံးက အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် ဟေလုံကျန်းပြည်နယ်နှင့် စီချွမ်ပြည်နယ်များသို့ ရောက်ရှိစဉ် ၎င်းတို့ပြည်နယ်များ၏ စိုက်ပျိုးရေးလုပ်ငန်းများကို လေ့လာခဲ့ရကြောင်း၊ ၎င်းတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများ Al စနစ်များကိုအသုံးပြု၍ ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ၌ စက်မှုလယ်ယာစနစ်ကူးပြောင်းရန် ကြိုးပမ်းနေရချိန်တွင် အိမ်နီးချင်းနိုင်ငံ၌ ပို၍မြင့်မားသောအဆင့်ကို တက်လှမ်းနေပြီဖြစ်ကြောင်း၊ အလားတူလူနေမှု အဆင့်အတန်းကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ တစ်ဦးချင်းစည်းကမ်းလိုက်နာမှုနှင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြေမှုများကိုလည်း လေ့လာတွေ့ရှိခဲ့ရကြောင်း၊ မိမိတို့ထက်ကောင်းမွန်သာလွန်မှုများကို အတုယူဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သွားရောက်ခဲ့သည့် ခရီးစဉ်သည်နိုင်ငံအတွက် အကျိုးရှိသည့် ခရီးစဉ်ဖြစ်ပြီး လေ့လာတွေ့ရှိခဲ့ရသည်များကို ပြန်လည်မျှဝေပေးခြင်းပင်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌ နေထိုင်သူများဖြစ်ပြီး ၎င်းလုပ်ငန်းကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားရ အလေးအနက်မှာကြားလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်ရေး မိမိတို့နိုင်ငံထက်ပိုမိုသာလွန် ကောင်းမွန်သည့် နိုင်ငံများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို လေ့လာဆောင်ရွက်သွားရန်လိုကြောင်း။
ဝါး၊ ဝါနှင့်ရာဘာကိုအခြေခံသည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး
ကုန်ထုတ်လုပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သာမန်သဘောမျိုးဆောင်ရွက်ခြင်းထက် ယခုထက် ပိုမိုတိုးတက်ကောင်းမွန်အောင် တီထွင်ကြံဆ၍ဆောင်ရွက်သွားရန်လိုကြောင်း၊ Agro-Base Industries တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနှံ့အပြားတွင် ဝါးများထွက်ရှိကြောင်း၊ ဝါးပင်၏ သက်တမ်းသည် အများဆုံး ၁၀ နှစ်မှ ၂၀ နှစ်ခန့်ရှိပြီး အသုံးမပြုပါက အလဟဿဖြစ်ရကြောင်း၊ ထို့ကြောင့် ဒေသအလိုက်ဝါးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သွားရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများက အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
အလားတူ ဝါနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဝါများစိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဝါများယခုထက်ပိုမိုထွက်ရှိအောင် စိုက်ပျိုး၍ ဝါမှချည်ထည်နှင့် အခြားထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရာဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ရာဘာကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ၎င်းဝါး၊ ဝါနှင့် ရာဘာတို့သည် မိမိတို့နိုင်ငံအတွင်းတွင် ရှိထားပြီး၊ စိုက်ပျိုးဖြစ်ထွန်းထွက်ရှိပြီး ပစ္စည်းများဖြစ်၍ အချိန်တိုအတွင်း ကုန်ချောနှင့် ရောင်းကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်သောလုပ်ငန်းများဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီး၊ နည်းပညာနှင့် လိုအပ်ချက်များကို နိုင်ငံတော်မှပံ့ပိုးကူညီသွားရန်အသင့်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအတွက် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး ရင်းနှီးမြှုပ်နှံရန်လိုအပ်သည့် ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ကော်ဖီနှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှထွက်ရှိသည့်ကော်ဖီသည် ကမ္ဘာပေါ်တွင်တန်းဝင်သည့် ကော်ဖီဖြစ်ကြောင်း၊ ထို့ကြောင့်ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းများတိုးတက်စေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဆောင်ရွက်သွားရန်လိုကြောင်း။
ကုန်ထုတ်လုပ်ငန်းများအတွက် ပညာတတ်လူသားအရင်းအမြစ်များလည်း လိုအပ်ကြောင်း ထို့ကြောင့် နိုင်ငံအတွင်းပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး မိမိတို့အစိုးရအနေဖြင့် မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနည်းဆုံးအဆင့် အလယ်တန်းအဆင့်အထိ တက်ရောက်အောင်မြင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ စက်မှုစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များရရှိလာမည်ဖြစ်ကြောင်း၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာကျောင်းများကို ဖွင့်လှစ်ထားသကဲ့သို့ တက္ကသိုလ်၊ ကောလိပ်များကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အဆင့်မြင့်ပညာရပ်များ သင်ကြားရာတွင်လည်း အဆင့်မီသည့် ပညာရေးဖြစ်စေရေး မဖြစ်မနေဆောင်ရွက်ပေးရန်လိုကြောင်း။
ပညာရည်မြင့်မားရေး
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ကျောင်းသားအများစုသည်စုသည် အစိုးရကျောင်းများတွင် ပညာသင်ကြားကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အရည်အချင်းနှင့် အရေအတွက်ပြည့်မီရေး၊ ကျောင်းများအဆင့်မြှင့်တင်မီစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်သင်ကြားလျက်ရှိသည့်ကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ အပြည့်အဝသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းများ၏ ဥပဓိရုပ်များ ကောင်းမွန်စေရေးအတွက်လည်း သတ်မှတ်ထားသည့် အဆင့်နှင့်လျော်ညီသည့် အင်္ဂါရပ်များနှင့် ပြည့်စုံသည့်ကျောင်းများဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ထားသည့် ကျောင်းများသည် ပြည်သူများက အားထားရသည့် စာသင်ကျောင်းများဖြစ်ရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအတွက် လိုအပ်သည့် သက်သာချောင်ချိမှုနှင့် နေထိုင်စားသောက်မှုများအဆင်ပြေစေရေး နိုင်ငံတော်မှ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယခုသို့ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့နိုင်ငံအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
လတ်တလောဖြစ်ပေါ်နေသည့် နီပေါနိုင်ငံအတွင်း ဆူပူမှုများနှင့်ပတ်သက်၍ လေ့လာကြည့်သည့်အခါ ဆိုရှယ်မီဒီယာများအား မှတ်ပုံတင်ရန်ဆောင်ရွက်ခြင်းမှစတင်၍ ဖြစ်ပေါ်လာသည်ဟုသိရှိရကြောင်း၊ သို့သော် အဆိုပါဆူပူမှု၏ နောက်ကွယ်တွင် အင်အားကြီး နိုင်ငံအချို့ပါဝင်နေသည်ကို လေ့လာသိရှိရကြောင်း၊ ထိုသို့ ဆူပူမှုများဖြစ်ပေါ်ခြင်းအပေါ် မိမိတို့နိုင်ငံအတွက် သင်ခန်းစာဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ အလုပ်လက်မဲ့များ လျော့ပါးစေရေးနှင့်ပတ်သက်၍လည်း အထူးအလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ကိုင်ကြသူများများပြားလာပြီး ၎င်းတို့သွားရောက်သည့် နိုင်ငံများမှ ဥပဒေအောက်တွင်နေထိုင်ရကြရကြောင်း၊ အချို့ဖိနှိပ်ခံရမှုများ ရှိသည်ဟုသိရကြောင်း၊ မိမိတို့နိုင်ငံသားများအားလုံး နိုင်ငံတော်၏ အရိပ်အာဝသအောက်တွင် ပျော်ရွှင်အေးချမ်းစွာဖြင့်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံအား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး
ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက အလေးပေးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေးအတွက် အဖျက်အမှောင့်လုပ်ဆောင်လာသူများကိုလည်း ထိရောက်စွာအရေးယူမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ခံမည့်ကိုယ်စားလှယ်များအနေဖြင့်လည်း နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စေရန်နှင့် နိုင်ငံ့ကောင်းအောင်ဆောင်ရွက်မည့်သူများ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာဝန်ကြီးချုပ်များက ဦးဆောင်ပြီး ဆောင်ရွက်ပေးသွားကြရန်မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
အထွေထွေဆွေးနွေးတင်ပြ
ထို့နောက် ကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဒေသအလိုက်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကိုယ်စားလှယ်လောင်းများလုံခြုံရေးနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်စဉ်လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လျာထားလျက်ရှိမှု၊ ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်မှုများအား နှောင့်ယှက်သူများကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲဝင်ရောက်မည့် ပါတီများ၏ ပါတီဝင်များအား စာရင်းကိုက်ညီမှုရှိစေရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မရှင်အတွင်းရေးမှူးက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြစ်ပေါ်ခဲ့သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ စာရိတ္တမဏ္ဍိုင်များ ထိန်းသိမ်းနိုင်ရေး ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှု၊ သာသနာရေးဆိုင်ရာများတွင် ဝိနည်းနှင့်လျော်ညီမှုမရှိစွာနေထိုင်သည့် သံဃာများနှင့် သီလရှင်များအား ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်နိုင်ငံကူးလက်မှတ်များ ဆောင်ရွက်သူများအား ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ဒေသမှ တရားမဝင်ကုန်သွယ်မှုများအား ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများ၏ အချက်အလက်များ၊ ဝန်ထမ်းများ၏အချက်အလက်များသည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည် တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ ကျိုးပေါက်ခြင်းများဖြင့် တစ်ဦးတစ်ယောက်ခြင်းထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက်ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း။
တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ထိရောက်စွာ တားဆီးနှိမ်နင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း နယ်စပ်ဂိတ်များ တရားဝင်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တိုက်တွန်းပြောဆိုလျက်ရှိကြောင်း၊ နယ်စပ်ဂိတ်များတရားဝင်ဖွင့်လှစ်နိုင်မှုမရှိဘဲ တရားမဝင်ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းသည် ကျားသေကိုအသက်သွင်းခြင်း၊ သူခိုးဓားရိုးကမ်းခြင်းပင်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများနှင့်ထိစပ်နေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက်ကိုင်တွယ်ကြပ်မတ်သွားရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများရှိနေသရွေ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး ခက်ခဲနေမည်ဖြစ်သဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။
မူးယစ်ဆေးဝါးနှင့်ပတ်သက်လည်း ဖော်ထုတ်ဖမ်းဆီးရမိမှုများ များပြားနေဆဲဖြစ်ပြီး ထုတ်လုပ်မှုရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမရှိစေရေး ဖော်ထုတ်တားဆီးနှိမ်နင်းသွားကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုမလုပ်ဆောင်နိုင်မှသာလျှင် ဖြန့်ဖြူးမှုနှင့်ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ အွန်လိုင်းလိမ်လည်မှုများကိုလည်း တားဆီးနှိမ်နင်းသွားကြရန်လိုကြောင်း။
မိမိတို့အားလုံးသည် နိုင်ငံ့တော်ကို ကောင်းမွန်တိုးတက်အောင် ရည်ရွယ်ဆောင်ရွက်နေကြသူများဖြစ်သဖြင့် ရည်မှန်းချက်များအောင်မြင်စေရေး အားလုံးက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချပေးနိုင်ရေး အာရုံစိုက်၍ အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ အရေးကြီးသည်မှာ နိုင်ငံ၏ စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့် မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။