နေပြည်တော် နိုဝင်ဘာ ၁
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ အနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ စတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်အညီ မဲရုံများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိ ကြသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေး မြို့နယ်နှင့် ဥတ္တရခရိုင်အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင်လည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ များသည် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံ များသို့ လာရောက်၍ လျှို့ဝှက်စွာ ဆန္ဒပြု မဲပေးလျက်ရှိကြသည်။
ထို့ကြောင့် ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကြိုတင်မဲ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍ ကြိုတင် ဆန္ဒမဲပေးခဲ့မှု အတွေ့အကြုံများကို လည်း ကောင်း ရေးသားဝေမျှလိုက်ရပါသည်။
ဦးတင်မြ(ဥက္ကဋ္ဌ၊ ဇေယျသိဒ္ဓိရပ်ကွက်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဇမ္ဗူသီရိ မြို့နယ်)
ကြိုတင်မဲပေးဖို့ ပထမအဆင့်အနေနဲ့ အသက် ၆၀ ကျော်တွေကို ဆောင်ရွက်ပေးပါ တယ်။ ဒုတိယအဆင့်အနေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ရုံးတာဝန်ထမ်းဆောင်မယ့်သူတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ၊ မကျန်းမာလို့ ဆေးရုံတက်နေတဲ့သူတွေ၊ ရုတ်တရက် မီးဖွားနေတဲ့သူတွေကို ကြိုတင်မဲပေးဖို့ ဆောင်ရွက်ထားပါတယ်။ လာရောက် မဲပေးတဲ့သူ တွေ ကျန်းမာရေးအရ စိတ်ချလုံခြုံမှု ရှိစေဖို့ ဆောင်ရွက်တဲ့အခါမှာ ကျန်းမာရေး ဌာနက သတ်မှတ်တဲ့အတိုင်း တစ်ဦးနဲ့ တစ်ဦး ခြောက်ပေအကွာနေရပါမယ်၊ ကိုယ်ပူချိန်တိုင်း တယ်၊ နှာခေါင်းစည်း မပါတဲ့သူတွေကို နှာခေါင်းစည်းတွေ ဖြန့်ဝေပေးပါတယ်။
မဲပေးတဲ့နေရာမှာလည်း လွတ်လွတ် လပ်လပ်နဲ့ စိတ်ချမ်းသာစွာပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားတဲ့အပြင် လျင်လျင် မြန်မြန် မဲပေးနိုင်စေဖို့အတွက်လည်း လုပ်အား ပေးတွေ ခေါ်ယူထားပါတယ်။ မဲရုံကိုအကြောင်း အမျိုးမျိုးကြောင့် မဲလာမပေးနိုင်တဲ့သူတွေ စနစ်တကျ နဲ့ လွတ်လပ်စွာ ဆန္ဒပြုနိုင်ဖို့အတွက် ဆန္ဒပြုတဲ့အခန်းလေးတွေကို ၎င်းတို့နေထိုင်ရာ နေရာတွေအထိ အရောက်ယူဆောင်သွားပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ မဲရုံ လုံခြုံရေးအတွက်လည်းစနစ်တကျ ဆောင်ရွက် ထားတဲ့အတွက် လုံခြုံစိတ်ချစွာ မဲပေးနိုင် ပါတယ်။
ဦးထိန်လင်းစော (မဲဆန္ဒရှင်၊ ဇေယျသိဒ္ဓိ ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ကျွန်တော့်အသက်က ၅၂ နှစ် ဖြစ်ပါတယ်။ ကျွန်တော်က အစိုးရဝန်ထမ်းဖြစ်ပြီး လုံခြုံရေးတာဝန်ကို ယူထားရတဲ့အတွက် ပုံမှန်မဲပေး မယ့်နေ့မှာ မအားပါဘူး။ ဒါကြောင့် ကြိုတင်မဲ ပေးခြင်းဖြစ်ပါတယ်။ မဲလာရောက်ပေးတဲ့အခါမှာလည်း ကျွန်တော်ကိုယ်တိုင်က ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနဲ့အညီ နှာခေါင်းစည်း နဲ့ လက်အိတ်တွေကို ယူဆောင်သွားတဲ့အပြင် မဲရုံတာဝန်ရှိသူတွေကလည်း ဖြန့်ဝေပေးပါ တယ်။ မဲပေးရတဲ့အခါမှာလည်း လွတ်လွတ် လပ်လပ်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ မဲပေးခွင့်ရပါ တယ်။ မဲရုံမှာလည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေနဲ့ အညီ စနစ်တကျ ဆောင်ရွက် ပေးထားတဲ့အတွက် ကြိုတင်မဲပေးရတာ စိတ်ချလုံခြုံပြီး စိတ်ချမ်းသာပါတယ်။
ဒေါ်အုန်းရင် (မဲဆန္ဒရှင်၊ အမှတ် - ၄ရပ်ကွက်၊ လယ်ဝေးမြို့နယ်)
အခုအချိန်က ကိုဗစ်ရောဂါကာလ ဖြစ်နေတဲ့အတွက် မဲရုံကိုမသွားခင်မှာ အိမ်ကနေ တစ်ခါသုံးနှာခေါင်းစည်းနဲ့ လက်အိတ်ကို ဝတ်ဆင်သွားပါတယ်။ မဲရုံရောက်တဲ့ အခါမှာလည်း မဲရုံက တာဝန်ရှိဝန်ထမ်းတွေက ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လက်သန့်စင်စေနိုင်ဖို့ ဆောင်ရွက်ပေးတဲ့အပြင် နှာခေါင်းစည်းနဲ့ လက်အိတ်တွေကို ဖြန့်ဝေပေးပါတယ်။ နောက်ပြီး မဲပေးဖို့ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း တာဝန်ကျဝန်ထမ်းတွေက ကူညီဆောင်ရွက်ပေးတဲ့အတွက် အဆင်ပြေပါတယ်။ မဲပေးရတဲ့အခါ မှာလည်း လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ခံစားရပါတယ်။
ဒေါ်ထွေးထွေး(မဲဆန္ဒရှင်၊ ဆရာစံရပ်ကွက် တပ်ကုန်းမြို့)
အဒေါ်က အသက် ၆၀ ကျော်ပြီဖြစ်တဲ့ အတွက် ကြိုတင်မဲပေးတာပါ။ ငါးနှစ်မှ တစ်ခါ မဲပေးရတဲ့အတွက်ဒီအခွင့်အရေးကို လက်လွှတ် မခံပါဘူး။ မဲပေးရတဲ့ အခါမှာလည်း လွတ်လွတ်လပ်လပ်နဲ့ စိတ်ချလုံခြုံစွာ ဆန္ဒမဲ ပေးခွင့်ရပါတယ်။ တော်တော် များလည်း ကြိုတင်မဲလာပေးတာတွေ့ရပါတယ်။ ကိုယ် နှစ်သက်တဲ့ပါတီ ကိုယ်စားလှယ်လောင်းတွေကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး မဲထည့်ခဲ့ပါတယ်။ အခုက ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကာလ ဆိုတော့ မဲရုံထဲကို ဝင်တာနဲ့ လက်ဆေးရတယ်။ အပူချိန်တိုင်းရတဲ့အပြင် လက်သန့်ဆေးရည်တွေလည်း အသုံးပြုဖို့ စီစဉ်ပေးထားပါတယ်။ တစ်ဦးနဲ့တစ်ဦး သတ်မှတ် အကွာအဝေး နဲ့ မဲပေးရတော့ အစစအရာရာ အဆင်ပြေပါတယ်။
ဒေါ်ညိုညို (မဲဆန္ဒရှင်၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နယ်)
အဒေါ်က အသက် ၆၀ ကျော်ပါပြီ။ ဒါကြောင့် ကြိုတင်မဲပေးခြင်း ဖြစ်ပါတယ်။ အခု အချိန်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလဆိုတော့ မဲရုံမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ထား တာ တွေ့ရတယ်။ မဲရုံတာဝန်ရှိသူတွေအနေနဲ့ လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ လမ်းညွှန် ချက်တွေကို တိတိကျကျလိုက်နာပြီး နှာခေါင်း စည်းနဲ့လက်အိတ်တွေကို ဖြန့်ဝေပေးပါတယ်။ နောက်ပြီး ကိုယ့်စိတ်ကြိုက် လုံခြုံစိတ်ချစွာနဲ့ လွတ်လပ်စွာ မဲပေးခွင့်ရတဲ့အတွက် နိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင် နိုင်ခဲ့တယ်လို့ မြင်ပါတယ်။
ကျန်းမာရေးအခြေအနေအရ မဲရုံများသို့ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသည့် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး အသက် ၆၀ နှင့် အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
အောင်မင်းသန့်
ဓာတ်ပုံ- ကျော်ဇင်ထိုက်