Skip to main content

ကောင်းမွန်သည့်အုပ်ချုပ်ရေး တည်ဆောက် ပြည်သူလူထုလူမှုဘဝ ထောက်ပံ့ကူညီ

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ လူအများစု အထူးသဖြင့် အခြေခံပြည်သူများ၏ လူမှုဘဝအဆင့်အတန်း တိုးတက်ကောင်းမွန်ရေးအတွက် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ဖြင့် အစိုးရယန္တရားကို လည်ပတ်ဆောင်ရွက်နိုင်သောအစိုးရသည် ပြည်သူလူထုအတွက် အစိုးရကောင်းတစ်ရပ်ဟု ခေါ်ဆိုရပေမည်။ မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ဖြင့် ပြည်သူလူထုအကျိုးကို အဖြစ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသည့် တည်ဆဲအစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်နေသလို နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားတိုးတက်ကောင်းမွန်ရေး၊ နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု လူမှုဘဝမြှင့်တင်ပေးနိုင်ရေးကိုလည်း အတတ်နိုင်ဆုံးဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီး တိုးတက်ရေးတွင် ငွေကြေးအရင်းအနှီးအမြောက်အမြား အကုန်အကျခံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခြေခံပြည်သူလူထု လူမှုဘဝလိုအပ်ချက်များကိုလည်း လျစ်လျူရှုမထားဘဲ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ပြည်သူလူထု၏ လူမှုဘဝကူညီစောင့်ရှောက်မှုပြုရာတွင် နိုင်ငံတော်အတွင်းရှိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးငွေများပေးအပ်နေခြင်းတို့ကို တွေ့မြင်နေရသဖြင့် ဝမ်းမြောက်ပီတိဖြစ်မိသည်။

မြို့ရွာများအတွင်း နေထိုင်ကြသော သက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့တစ်ခု ဖြစ်နိုင်စေရေးနှင့် သက်ကြီးရွယ်အိုများအား ရိုသေလေးစားတန်ဖိုးထားသောအားဖြင့် နိုင်ငံတော်အစိုးရက ထောက်ပံ့ကူညီပေးခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ခြောက်လစာတစုတစည်းတည်း ပေးအပ်ခဲ့သည်ကိုတွေ့ရသည်။ ထောက်ပံ့ကြေးငွေမှာ မများလှသော်လည်း သက်ကြီးရွယ်အိုတစ်ယောက်အတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်စေနိုင်သည်။ ရပ်ရွာဒေသများ၌ လူတန်းစားအလွှာအမျိုးမျိုးရှိသည့်အနက် ချို့တဲ့နွမ်းပါးသော သက်ကြီးရွယ်အိုဘဝအတွက် အထောက်အပံ့ကောင်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။

ထို့ပြင် ရပ်ရွာများအတွင်း ရပ်ရွာလူမှုဘဝလိုအပ်ချက်အပေါ်မူတည်ပြီး မွန်မြတ်သောစေတနာကို အရင်းခံ၍ တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊ မသန်စွမ်းသူစောင့်ရှောက်ရေးဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် နိုင်ငံတော်အနေဖြင့် ထောက်ပံ့ပေးခြင်းအစီအစဉ်များကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဂေဟာများ၊ ရိပ်သာများအနေဖြင့် အချို့ဂေဟာရိပ်သာများမှာ ပြည့်စုံဖူလုံမှုရှိသော်လည်း အချို့ဂေဟာရိပ်သာများမှာ လိုအပ်ချက်များရှိသဖြင့် နိုင်ငံတော်က ထောက်ပံ့ပေးမှုကို ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်က ထောက်ပံ့မှုတွင် သာဓကအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာ သုံးခုနှင့် ဘိုးဘွားရိပ်သာသုံးခု စုစုပေါင်းဂေဟာ၊ ရိပ်သာ ၁၇ ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၀ တို့အတွက် ထောက်ပံ့ကြေးငွေကျပ် ၂၉၇ ဒသမ ၆၈၇ သန်း၊ တိုက်ပွဲရှောင်ပြည်သူ ၁၁၀၃၆ ဦးအတွက် နိုင်ငံတော်က ထောက်ပံ့ငွေကျပ် ၆၆၂ ဒသမ ၁၆၀ သန်းနှင့် အသက် ၈၅ နှစ်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရရှိသူ သက်ကြီးပုဂ္ဂိုလ် ၄၇၅၉ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ ကျပ် ၂၈၄ ဒသမ ၄၀၀ သန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

သို့ဖြစ်ရာ ရပ်ရွာဒေသများရှိ အခြေခံပြည်သူလူထုအတွက် လိုအပ်ချက်များဖြစ် သည့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ အမျိုးသမီးဂေဟာ၊ ဘိုးဘွားရိပ်သာ၊ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့်တိုက်ပွဲရှောင်ပြည်သူများအား နိုင်ငံတော်အစိုးရအနေဖြင့် လူမှုရေးအကူအညီ ထောက်ပံ့မှုကို အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြင့် ဆောင်ရွက်နေသည့် လူမှုဘဝနှင့်သက်ဆိုင်သော ဆောင်ရွက်ချက်များဟု ဆိုရမည်ဖြစ်ပါကြောင်း။ ။