နေပြည်တော် နိုဝင်ဘာ ၁
မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံ သား ၂၈၀ အား မလေးရှားနိုင်ငံ အစိုးရ အစီအစဉ်ဖြင့် Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် ပျံသန်းပြေးဆွဲလျက် ပြန်လည် ပို့ဆောင်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး(အောက်ပုံ) သက်ဆိုင်ရာတာဝန်ရှိသူများမှ လွှဲပြောင်းလက်ခံခဲ့သည်။
အဆိုပါ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ထုံး လုပ်နည်းများ နှင့်အညီ နိုင်ငံသားမှန်ကန်မှုစိစစ်၍ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity- C of I) ထုတ်ပေးခဲ့ပြီးနောက်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် Corona-virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မလေးရှား နိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံး၊ မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းညှိနှိုင်းလျက် ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်သည်။
ဖော်ပြပါ ထိန်းသိမ်းခံ မြန်မာ နိုင်ငံသားများ လိုက်ပါစီးနင်းလာသည့် စင်းလုံးငှား အထူးလေယာဉ် ဆိုက်ရောက်ပျံသန်းရေးဆိုင်ရာ ကိစ္စ ရပ်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လည်း ကောင်း၊ ၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ် များအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လည်းကောင်း၊ ကျန်းမာရေးစိစစ်ရေးနှင့် သီးသန့် စီစဉ်ပေးသည့် နေရာများ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ် တွင် အသွားအလာကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ လည်းကောင်း၊ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် အသီးသီးတာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ညှိနှိုင်းပေါင်းစပ်လျက် မလေးရှားနိုင်ငံရောက် ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ၊ အလုပ်လက်မဲ့ဖြစ်နေသည့် တရားဝင် မြန်မာအလုပ်သမားများ၊ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် ကယ်ဆယ်ရေး/ အထူး လေယာဉ်များ (၂၄)ကြိမ်တိုင်တိုင် ပျံသန်းပြေးဆွဲကာ ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၇၈၈ ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၄၀၃၅ ဦးအား ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ လည်း နိုဝင်ဘာ ၅ ရက်တွင် ထိန်းသိမ်းခံ မြန်မာ နိုင်ငံသား ၇၀၀ ကျော်ကို မလေးရှားနိုင်ငံအစိုးရ အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း သိရ သည်။
သတင်းစဉ်