စေတနာနံ ကမ္မံ ဘိက္ခဝေ အဟံ ဝဒါမိ။
စေတနာကို ကံဟူ၍ ငါဘုရားသည် ဟောတော်မူ၏ဟု ဆိုပါ သည်။ ပြုပြုသမျှသော ကောင်းမှု မကောင်းမှုတို့တွင် စေတနာ သည် အရေးကြီး၏။
ကိုယ်ဖြင့် ပြုလုပ်ခြင်း (ကာယကံ)၊ နှုတ်ဖြင့် ပြောဆိုခြင်း (ဝစီကံ)၊ စိတ်ဖြင့်ကြံစည်ခြင်း (မနောကံဟူ၍ ကံသုံးပါးရှိရာ ထိုသုံးပါးသည် စေတနာကို အရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို ကံဟုဆိုခြင်း လည်းဖြစ်၏။
နိုင်ငံရေးတွင် စိတ်စေတနာက အရေးကြီးဆုံးဖြစ်သည်ဟု ဆိုကြလေ့ရှိ၏။ နိုင်ငံရေးဟူသည် မိမိ၏ ကိုယ်ကျိုး စီးပွားကို နောက်တန်းတွင်ထားကာ အများအကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးကို ရှေ့တန်းထားရ သည်ဖြစ်သောကြောင့် စိတ်စေတနာမှန်ကန်မှုသည် လွန်စွာမှ အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်၏။
မည်သို့သော စိတ်စေတနာကို အခြေခံ၍ သည်စကားကိုပြော သလဲ၊ မည်သို့သော စိတ်စေတနာကို မူတည် ကာ အန္ဒီအလုပ်ကို လုပ်သလဲဟူသည်က နိုင်ငံရေးခေါင်းဆောင်တို့အတွက် အမှန် တကယ် အရေးကြီးလှပါ သည်။ ပြည်သူလူထုကလည်း နိုင်ငံရေး ခေါင်းဆောင်တို့ ဘာပြောသည်ဆိုခြင်းထက် ဘယ်လိုစိတ် စေတနာရှိသည်ကို ပိုမိုစိတ်ဝင်စားပါသည်။ ထို့အတူပင်လုပ်ငန်း တစ်ခုလုပ်ဆောင်ရာတွင် ဤလုပ်ငန်းက ဘာတွေ လုပ်နေသလဲ ဆိုသည်ထက် မည်သို့သော ရည်ရွယ်ချက် မည်သို့သော စိတ်စေတနာဖြင့် ဤစီမံကိန်းကို တင်လာသလဲဆိုသည်ကို စိတ်ဝင်စားပါသည်။
ပြည်သူလူထုသည်ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းရော ဝင်ခဲ့ဖူးသည်ဟူသည့်စကားကဲ့သို့ပင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံတို့ အရ စီမံကိန်းများ အကောင်အထည်ဖော်လုပ်ဆောင်မှုများ၊ မည်သို့တာဝန်ယူလုပ်ဆောင် ပေးမည်ဆိုသော နှုတ်ကတိစကား များတို့၏ နောက်ကွယ်တွင် ရှိနေသော တကယ့်စေတနာကို ဂရုစိုက် လေ့ရှိ၏။
နိုင်ငံရေးလုပ်ငန်းများတွင် နိုင်ငံရေးစေတနာက အရေးကြီး ဆုံးဟု ဆိုရလောက်အောင် အရေးကြီးပါသည်။ ပြည်သူလူထုက မျှော်လင့်သည်မှာ နိုင်ငံနှင့်လူမျိုးအတွက် မည်သည်က အမှန်တကယ် လိုအပ်သနည်း။ မည်သည်က နိုင်ငံ၏ ရေရှည်အကျိုး စီးပွားနှင့် ကိုက်ညီသလဲဟူသည့် လိုအပ်ချက်အမှန်ကို သိသော နိုင်ငံရေးသမား စစ်စစ်များကို ဖြစ်ပါသည်။ အမှန်ကိုမသိမြင်ဘဲ နိုင်ငံအတွက် ဆောင်ရွက်ခြင်းဖြစ်ပါက အမောဟဟူသည့် အကုသိုလ်စေတသိက်၊ မကောင်းသည့် စိတ်စေတနာ၏ အထောက်အပံ့ဖြစ်လာပေမည်။
ထို့အတူ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးဟုဆိုသော်လည်း တရားသဖြင့်ဖြစ်ရေး၊လူမှုအဖွဲ့ အစည်း၏စံနှုန်း များဖြင့် ကိုက်ညီ ရေးကလည်း လိုအပ်ပါသည်။ နိုင်ငံရေးခေါင်းဆောင်က မသမာသော ကုန်သွယ်စီးပွားအလုပ်ဖြင့် ပြည်သူလူထု၏ လူမှုဘဝကို မြှင့်တင်ချင်လို့မရပါ။ မကောင်းမှုကိုပြုရန် ရှက်ရမှန်းမသိ၊ ကြောက်ရမှန်းမသိသည့် အဟိရိက၊ အနောတပ္ပတို့နှင့် ကင်းဝေး သည့်နိုင်ငံရေးခေါင်း ဆောင်တို့ကို ပြည်သူတို့က မျှော်လင့်ပါသည်။
ကိုယ်ကျိုးစီးပွားကို မျှော်လင့်လွန်းသည့် လောဘများသူများ၊ ထောင်လွှားသည့်မာနထန်သူများ၊ ကြမ်း တမ်းသည့် ဒေါသပြင်းသူများ၊ သူတစ်ပါးရသည်ကို ငြူစူမနာလိုစိတ်များသူများ၊ သူတစ်ပါးကိုမရစေလိုသည့် ဝန်တိုတတ်သူများ မဖြစ်ရေးကလည်း ပြည်သူ လူထု၏ အိပ်မက်ထဲက နိုင်ငံရေးသမားများ ဖြစ်ပါသည်။
မဲပေးရွေးချယ်ရမည့်ယခုလိုကာလတွင် ပြည်သူလူထုသည် ထိုထိုသောနိုင်ငံရေး စိတ်စေတနာကောင်းရှိသည့် နိုင်ငံရေးခေါင်း ဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များကို ရည်မှန်းမျှော်လင့်ရင်း မဲပေးကြလိမ့်မည်ဟု ရှုမြင်မိ ပါကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)