Skip to main content

သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နှစ်စဉ်အောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် အကြိုအသိပညာပေးလှုပ်ရှားမှုအဖြစ် သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများသည် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များက ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးကြပြီး တက္ကသိုလ်မှဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်