Skip to main content

အဆောက်အအုံ၊ လမ်း၊ တံတား တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတား တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သီးကုန်းတိုးလ်ဂိတ်လမ်းအသုံးပြုခကောက်ခံနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အသုံးပြုသည့် ပစ္စည်းများ အမျိုးအစားမှန်ကန်စေရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ပလိပ် - တံတားဦး လမ်းမိုင်တိုင် (၄/၅) ရှိ ပန်းလောင်တံတားတည်ဆောက်ရေး လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့မှုအခြေအနေနှင့် တံတားအသစ်တည်ဆောက်ရန် လျာထားတည်နေရာတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အဆိုပါလမ်းသည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးနှင့် ရန်ကုန်- တောင်ငူ- မန္တလေး (လမ်းဟောင်း) တို့ကို အရှေ့-အနောက် ဆက်သွယ်ပေးထားသော လမ်းကွန်ရက်ချိတ်ဆက်ထားသည့် လမ်းတစ်လမ်းဖြစ်သဖြင့် ပြည်သူများ လွယ်ကူလျင်မြန်စွာ ခရီးသွားလာနိုင်ရန်နှင့် ဒေသများမှထွက်ရှိသည့် ကုန်စည်များ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် အရေးပါသော တံတားဖြစ်ကြောင်း ပြောကြားပြီး အသစ်တည်ဆောက်မည့် လျာထားလမ်းအူကြောင်းနေရာကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရန်ကုန်- မန္တလေး လမ်း (တံတားဦး - အင်းဝလမ်းအပိုင်း) ရှိ မဟာဇေယျပထ (ခေါ်) မောင်အိုအုတ်လမ်းအား အရှည် ၂၆၇၆ ပေ အကျယ် ၂၁ ပေအထိ တိုးချဲ့ပြုပြင်ဆောင်ရွက်မည့် အခြေအနေကိုလည်းကောင်း၊ ကျောက်ဆည်-တံတားဦး လမ်းပိုင်း မိုင်တိုင် (၁၇/၀ မှ ၁၉/၆) အထိ လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ပေါ်ရှိ သီးကုန်းတိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံရရှိမှုနှင့် CCTV အခန်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်