နေပြည်တော် စက်တင်ဘာ ၉
မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခုတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့မည့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းရရှိပြီးဖြစ်ကြောင်း၊ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စသည့်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း၊ ဘိလပ်မြေစက်ရုံများအနေဖြင့် ကျောင်းသား ကျောင်းသူများ လက်တွေ့လာရောက် ကွင်းဆင်းရာတွင် လက်ခံဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း။
ဘိလပ်မြေထုတ်လုပ်သူများအသင်းအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနှင့် ဆက်စပ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက (၃/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှု၊ စက်ရုံများ၏ ဘိလပ်မြေတိုးတက်ထုတ်လုပ်မှုနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု အခြေအနေတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဘိလပ်မြေအရည်အသွေးကို နိုင်ငံတကာအဆင့်မီစစ်ဆေးနိုင်ရေးအတွက် ဓာတ်ခွဲခန်းတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ထုတ်လုပ်မှုနည်းပညာအဆင့်ဆင့်အား လွှဲပြောင်းရရှိရေးဆောင်ရွက်နေမှု၊ ဘိလပ်မြေစက်ရုံများ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့ကိုလည်းကောင်း၊ ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများက စက်ရုံအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဖြန့်ဖြူးရောင်းချမှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်စဉ် တွေ့ကြုံရသည့် အခက်အခဲများကိုလည်းကောင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းတွင်ပါဝင်သည့် ဝန်ကြီးဌာနကိုယ်စားလှယ်များက စက်ရုံအလိုက်လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေတို့ကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိလပ်မြေများ ဖြန့်ဖြူးပေးနိုင်ရေးအခြေအနေတို့ကိုလည်းကောင်း၊ တက်ရောက်လာသူများက ဘိလပ်မြေများ အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် အခြေအနေ၊ နည်းပညာလွှဲပြောင်းရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများနှင့် ကျောင်းများချိတ်ဆက်ဆောင်ရွက်သွားမည့် အခြေအနေတို့ကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးကြပြီး စက်ရုံများကတင်ပြသည့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် စီမံကိန်းကြီးကြပ်မှုကော်မတီညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အစည်းအဝေးတက်ရောက်လာသည့် အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်များ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်