ညောင်ရွှေ စက်တင်ဘာ ၉
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် ယခုနှစ်တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၏ ကုသိုလ်သဒ္ဓါအကျိုးရရှိပွားများစေရေးအတွက် အင်းလေးဒေသဝဲယာ (၂၁) ဌာနသို့ ရိုးရာအစဉ်အလာအတိုင်း ၁၈ ရက်တိုင်တိုင် ဒေသစာရီကြွချီပူဇော်ခံလှည့်လည်မည်ဖြစ်သည်။
သီတင်းကျွတ်လဆန်း ၁ ရက် စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီတွင် မူလသီတင်းသုံး စံပယ်တော်မူရာရတနာစံကျောင်းတော်၌ ရောင်ခြည်တော်ဖွင့်ခြင်း၊ အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်၍ နံနက် ၇ နာရီတွင် ရတနာစံကျောင်းတော်မှ ကရဝိက်ဖောင်တော်ဖြင့် ကျေးပေါခုံဌာနသို့ စတင်ပင့်ဆောင်ပူဇော်မည်ဖြစ်သည်။
စံကျောင်းတော်ဝင်ပွဲကျင်းပမည်
သီတင်းကျွတ်လဆန်း ၇ ရက် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့ဌာနသို့ဆိုက်ရောက်၍ သုံးရက်ကိန်းဝပ်ပူဇော်ခံပြီး သီတင်းကျွတ်လပြည့်ကျော် ၃ ရက် အောက်တိုဘာ ၉ ရက်တွင် မူလသီတင်းသုံးတော်မူရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီ၍ စံကျောင်းတော်ဝင်ပွဲ ကျင်းပမည်ဖြစ်သည်။
စည်ကားသိုက်မြိုက်စွာကျင်းပ
ပွဲတော်ကာလအတွင်း အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ အကြိုပွဲစဉ်များအဖြစ် သီတင်းကျွတ်လဆန်း ၅ ရက် စက်တင်ဘာ ၂၆ ရက်တွင် ရေလယ်ဧည့်ခန်းမရှေ့ရေပြင်ကျယ်၌ ကျင်းပပြုလုပ်သွားမည်ပြီး ညောင်ရွှေမြို့ဌာနသို့ ဆိုက်ရောက်သည့် စက်တင်ဘာ ၂၈ ရက်တွင် ညောင်ရွှေမြို့ နန်းကပ်ချောင်း၌လည်းကောင်း၊ အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရတနာစံကျောင်းတော်ရှေ့ရေပြင်၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ