Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

 စက်တင်ဘာ ၆ ရက်တွင် စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်၌ လူသုံးကုန်ပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၃၀၀၀၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၇ ရက်တွင် ရွှေဘိုမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၃၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ပဲခူးခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၉ ဒသမ ၄၀၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၈၈၃၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၄ ရက်တွင် မကွေးမြို့နယ်၊ စလင်းမြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၁ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၅၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ် ရွာသာယာကျေးရွာအနီး၌ တရားမဝင် ရေနံစိမ်းဂါလန် ၁၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၅၀၀၀) ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ အောင်လံမြို့နယ် စမ်းချောင်းရပ်ကွက်၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ငါးလုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၃၄၀၀၀) ကို လောင်းကစားဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၆၉၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ဟင်္သာတမြို့နယ်၊ ငပုတောမြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၈၃၄ တန်၊ သစ်မာ ၈ ဒသမ ၂၆၁ တန်၊ အခြားသစ် ၅ ဒသမ ၇၉၁ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၈၉၀၅၅ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၆ ရက်တွင် လယ်ဝေးမြို့နယ် သရက်ကုန်းကျေးရွာ၌ လိုင်စင်မဲ့သုံးဘီးမော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၇ ရက်တွင် ကော့သောင်းမြို့ တော်ဝင်ဆိပ်ကမ်းတံတား၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၂၀၀၀၀၀) ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ် စေခမ်းရပ်ကွက်ရှိ ခြံဝင်းတစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၂၄၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၄၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သြဂုတ် ၂၆ ရက်၊ စက်တင်ဘာ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၂၈၈၆၄၃၅) ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်