ရန်ကုန် စက်တင်ဘာ ၉
စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည့် ဝန်ကြီးဌာနများ၊ ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ယမန်နေ့နှင့် ယနေ့တို့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပါရှိသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များက ဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေတင်ဆက်ကပြခြင်း၊ ရုပ်သေးအကဖြင့် ဖျော်ဖြေခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ပြင်ပမီဒီယာအဖွဲ့များမှ ကိုယ်စားလှယ်များက မန္တလေးငလျင်ကြီးတွင် ပထမဆုံးရောက်ရှိခဲ့သော ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့အပါအဝင် တရုတ်ကယ်ဆယ်ရေးအဖွဲ့များ၏ ကူညီကယ်ဆယ်ရေး ပါဝင်ဆောင်ရွက်ခဲ့မှုနှင့် တရုတ် - မြန်မာချစ်ကြည်ရေး ပိုမိုခိုင်မြဲစေခဲ့မှုတို့နှင့် စပ်လျဉ်းသည့် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခြင်း၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ မြန်မာလက်မှုပညာထုတ်ကုန်များနှင့် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝနှင့် ခရီးစဉ်ဒေသများ၊ လက်ဆောင်ပစ္စည်းအရောင်းပြခန်းများကို ဈေးရောင်းပွဲတော်တွင် ပါဝင်ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြသည်။
သတင်းစဉ်