မန္တလေး စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်ခရိုင်နှင့် တက္ကသိုလ်များမှ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက အစဉ်ထာဝရမြင့်မားနေစေရန်၊ ရိုးရာဓလေ့ထုံးစံအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်၊ မြန်မာ့ဂုဏ်ရည်များ အစဉ်ထာဝရရှင်သန်ထက်မြက်နေစေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို လေးစားမြတ်နိုးထိန်းသိမ်းလိုသည့်စိတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲအတွက် အရည်အချင်းပြည့်ဝသူအနုပညာရှင်များကို တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် သမာသမတ်ကျစွာဖြင့် ရွေးချယ်ပေးသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်နှင့် တာန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆို၊ အက၊ အရေး၊ အတီး ဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်မှု၊ ပဉ္စဂီတယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်မှု၊ အိုးစည်အဖွဲ့လိုက် ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားဒုတိယပိုင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲယိမ်းအက အဖွဲ့များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်