မော်လမြိုင် စက်တင်ဘာ ၉
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို လူငယ်များသိရှိအောင် ပြန်လည်မျှဝေပေးသည့် အနှစ်သာရပြည့်စုံကောင်းမွန်သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာတီထွင်ဖန်တီးသူ၊ ငြိမ်းချမ်းရေးနှင့် စွန့်ဦးတီထွင်သူများဖြစ်သည့်အတွက် နယ်ပယ်စုံကဏ္ဍပေါင်းစုံတွင် လူငယ်များဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပုံဖော်ပေးသည့် မျိုးဆက်သစ်များဖြစ်ပေါ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ လူငယ်ဖိုရမ်အထိမ်းအမှတ် တံဆိပ်အပ်နှင်းပြီး လူငယ်ဖိုရမ်မှတ်တမ်းဗီဒီယိုပြသကာ လူငယ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များက ခရီးစဉ်အတွေ့အကြုံများနှင့် လူငယ်မဟာဗျူဟာဖိုရမ်မှ ရရှိခဲ့သည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြကြပြီး အနာဂတ်တည်ဆောက်မည့် ခေတ်သစ်မျိုးဆက်များအတွက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ကြေညာစာတမ်းကို ဖတ်ကြားကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက အားကစားနှင့် လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်