နေပြည်တော် စက်တင်ဘာ ၉
စပါးသီးနှံပန်းတိုင်အထွက်ရရှိရေးအတွက် စပါးပင်၏ အာဟာရဓာတ်လိုအပ်ချက်နှင့်အညီ ဓာတ်မြေဩဇာ စနစ်တကျထည့်သွင်းအသုံးပြုတတ်စေရန် ရည်ရွယ်၍ အရွက်အရောင်တိုင်းကတ်အသုံးပြုပြီး စပါးသီးနှံအာဟာရဓာတ်စီမံခန့်ခွဲမှု တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းစိုက်ကွင်း၌ ကျင်းပသည်။
ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စပါးသီးနှံပန်းတိုင်အထွက်ရရှိရေးအတွက် မြေဩဇာအသုံးပြုရာတွင် ထည့်သွင်းလိုက်သည့် မြေဩဇာ၌ ပါရှိသည့် အာဟာရဓာတ်များအား စပါးပင်က ကောင်းစွာ စုပ်ယူစားသောက်နိုင်ရန်အတွက် စပါးသီးနှံအာဟာရဓာတ်ကိုစီမံခန့်ခွဲမှုနည်းပညာသည် လွန်စွာအရေးကြီးပါကြောင်း၊ အရွက်အရောင်တိုင်းကတ်အသုံးပြု၍ စပါးပင်၏ နိုက်ထရိုဂျင်မြေဩဇာလိုအပ်ချိန်ကိုသိရှိခြင်းဖြင့် အပင်၏ လိုအပ်ချက်နှင့်အညီ မြေဩဇာအချိန် ကိုက်ထည့်သွင်းခြင်းက အလေအလွင့်နည်းပါး၍ ကုန်ကျစရိတ်ကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း သက်သာစေကာ တောင်သူများအတွက် များစွာအကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ ကွဲပြားသည့် မြေအမျိုးအစားများတွင် မြေအမျိုးအစားအလိုက် မြေဩဇာစတင်လိုအပ်သည့် အချိန်ကွာခြားခြင်း၊ ထည့်သွင်းလိုက်သည့် အာဟာရထိန်းသိမ်းနိုင်မှု ကွာခြားခြင်းကို တောင်သူများ စနစ်တကျသိရှိဆောင်ရွက်နိုင်ရန် ပညာရှင်များက နည်းပညာပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ခင်ခင်ဝေက အရွက်အရောင်တိုင်းကတ် (Leaf Color Chart; LCC) နည်းပညာအသုံးပြု၍ စပါးသီးနှံ၏ လိုအပ်ချက်အလိုက် နိုက်ထရိုဂျင်စီမံခန့်ခွဲမှု၊ အရွက်အရောင်တိုင်းကတ် (Leaf Color Chart; LCC) အသုံးပြု၍ အာဟာရလိုအပ်ချိန်တိုင်းတာရာတွင် လိုအပ်သည့် ပစ္စည်းများ၊ တိုင်းတာရမည့်အချိန်၊ အသုံးပြုပုံနှင့် အသုံးပြုရာတွင် သတိပြုရမည့် အချက်များကို ရှင်းလင်းပြသကြကာ တောင်သူများအား အရွက်အရောင်တိုင်း ကတ်အသုံးပြုပုံကို စိုက်ကွင်းအတွင်း လက်တွေ့တိုင်းတာ သရုပ်ပြသကြသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့မှ စိုက်ပျိုးရေးဦးစီးမှူးများနှင့် ပညာပေးဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်