Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၉

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ အချိန်မီပြီးစီးရေးအတွက် လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် ရန်အောင်မြင်ဆည်၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်းကြောတမံများ ပြန်လည်ပြုပြင်နေမှု၊ ဆည်ပတ်ဝန်းကျင်မြေယာရှုခင်းများ၊ ပန်းအလှပင်များ ပြုလုပ်ရန်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရာဇသင်္ဂဟလမ်းမကြီး လမ်ဘေး/ဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုနှင့် ဆက်လက်စိုက်ပျိုးမည့် မြေနေရာများကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ် သစ်တက်ကျေးရွာ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းဘေး/ ဝဲယာအမှိုက်သရိုက်ကင်းစင်ရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နေပြည်တော်လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း (ဥတ္တရ)