နေပြည်တော် စက်တင်ဘာ ၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြပ်မတ်ဆောင်ရွက်
ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် အလေးထားဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံစီမံကိန်းအဝင်လမ်းဖောက်လုပ်ရာတွင် အမြန်လမ်းမကြီး နယ်နိမိတ်နှင့် လွတ်ကင်းအောင်ဖောက်လုပ်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေးနှင့် ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တပ်ဆင်ပြီးစီးမှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်နေသော ဝန်ကြီးဌာနမှ မျိုးဆက်သစ်အင်ဂျင်နီယာဝန်ထမ်းနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Switch Yard အတွင်း ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Swit-chgear (HGIS) တပ်ဆင်ပြီးစီး နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၁ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်