Skip to main content

ပခုက္ကူစာပေဆုရ စာအုပ်များ ဖြန့်ချိရောင်းချ

နေပြည်တော် စက်တင်ဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု ကျမ်းစာပေတတိယဆုရရှိသည့် စာရေးဆရာသက်ဦးမောင်၏ “ရုပ်ရှင်နှင့် နိုင်ငံရေး၊ အမျိုးသားရေးအခန်းကဏ္ဍ” စာအုပ်ကို ရောင်းဈေးကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ဤစာအုပ်တွင် ရုပ်ရှင်နှင့် နိုင်ငံရေးအဆက်အစပ်၊ နိုင်ငံရေးရုပ်ရှင်နှင့် ရုပ်ရှင်နိုင်ငံရေး၊ နိုင်ငံရေးမှတ်တမ်းရုပ်ရှင်၊ ဝါဒဖြန့်နိုင်ငံရေးရုပ်ရှင်များ၊ ဖြစ်ရပ်မှန်နိုင်ငံရေးရုပ်ရှင် အမျိုးအစားများ၊ စစ်ပွဲရုပ်ရှင်များ၊ မြန်မာ့ရုပ်ရှင်နှင့် အမျိုးသားရေးအဆက်အစပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုခေတ် အမျိုးသားရေးရုပ်ရှင်များကို ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားနာမည် မှတ်တမ်းစာရင်းများနှင့်တကွ အခန်းလေးခန်းခွဲခြားရေးသားထားသည်။ ထူးခြားဆန်းသစ်သည့်အကြောင်း ခြင်းရာများပါရှိသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ရာ ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များအတွက် အားတက်အားကျ အတုယူဖွယ်ရာများ၊ သင်ခန်းစာယူဖွယ်ရာများ စုံလင်လှသည်။ ရုပ်ရှင်သမိုင်း သုတေသီများ၊ ရုပ်ရှင်အနုပညာရှင်များနှင့် ရုပ်ရှင်ဝါသနာရှင်များ ဆောင်ထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဘဝတေးသံကဗျာများ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ကဗျာပေါင်းချုပ်၊ တတိယဆုရရှိသည့် စာရေးသူကနောင်နိုင်နွယ်ဦး၏ “ဘဝတေးသံကဗျာများ” စာအုပ်ကိုရောင်းဈေးကျပ် ၃၀၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

အဆိုပါစာအုပ်တွင် မြန်မာ့ရိုးရာဓလေ့များနှင့် ကျေးလက်အလှ၊ စာပေအနုပညာ၊ အတွေးအမြင်၊ ချစ်ခြင်းမေတ္တာ၊ နိုင်ငံချစ်မြတ်နိုးစိတ်စသည်ဖြင့် မျိုးတူရာကဗျာများကိုစုစည်းကာ အခန်းများခွဲ၍ တင်ပြထားသည်။ အကြောင်းအရာအသင့်အတင့်စုံလင်ပြီး ကဗျာဖွဲ့နည်းများလည်း အတော်အတန်စုံလင်သည်။ အကြောင်းအရာများပေါ်မူတည်၍ တင်ပြပုံများလည်း ကောင်းမွန်သည့်ကဗျာများဖြစ်သည်။

ရတနာပုံ အိမ်ရှေ့စံ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူ စာပေဆု၊ ကျမ်းစာပေ ဒုတိယဆုရရှိသည့် စာရေးသူ ဦးဝင်းမြင့်မောင်(လင်းအရုဏ်ဦး)၏ “ရတနာပုံအိမ်ရှေ့စံ” စာအုပ်ကို ရောင်းဈေးကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ကုန်းဘောင်ခေတ် အိမ်ရှေ့စံကနောင်မင်းသားကြီး၏ ဘဝဖြစ်စဉ်ကို သမိုင်းတင်ထားခဲ့သည်များထဲမှ မှတ်သားဖွယ်ရာများစွာကို ကောက်နုတ်ပြုစုထားရာ သုတရသမျိုးစုံပါဝင်သည်။ အရေးအသား ပြေပြစ်ကျစ်လျစ်ကာ တန်ဖိုးရှိလှသည်။ နိုင်ငံနှင့်လူမျိုး၏ ရေရှည်အကျိုးအတွက် စွန့်ဦးတီထွင်လုပ်ငန်းများကို ကြိုးပမ်းဖော်ထုတ်ခဲ့ပုံ၊ လွမ်းရေးထက် နန်းတွင်းရေးနှင့် ပြည်ထဲရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပုံ၊ နန်းတွင်းသစ္စာဖောက်များ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပုံ၊ အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ ကောင်းမှုကုသိုလ်အဖုံဖုံ စသည်တို့ကို သမိုင်းအထောက်အထားမျိုးစုံဖြင့် ပြုစုထားရာ မျိုးဆက်သစ်လူငယ်များနှင့် သမိုင်းသုတေသီများအဖို့ လက်ကိုင်ထားသင့်သည့် စာအုပ်ဖြစ်သည်။

အဆိုပါစာအုပ်များကို အမှတ်(၅၂၉- ၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ်(တ- ၅၅) သပြေကုန်းစျေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်(ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်