Skip to main content

နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲကို စက်တင်ဘာလ ၆ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ ရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ယာယီသမ္မတက “မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဦးစွာအလေးထား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်တိုးချဲ့ဖွင့်လှစ်နိုင်ပါက ကုန်ပစ္စည်းအမျိုးအစားများနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value-Added Products) ချဲ့ထွင်တင်ပို့ရေး၊ လမ်းပန်းဆက်သွယ်ရေး တိုးချဲ့ဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရေးကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ကုန်သွယ်ရေး၊အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့သည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ဘက်စုံလွှမ်းခြုံသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာကို နှစ်နိုင်ငံအကြား စတင်နိုင်ခဲ့ပြီး စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ သိသာထင်ရှားစွာ တိုးတက်ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက်အဆင့် ၂ နေရာတွင်ရှိသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လအထိ စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုအားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံသည် ရှည်လျားသည့်နယ်နိမိတ်များ ထိစပ်လျက်ရှိသည့်အတွက် နယ်စပ်ဂိတ်များသည် အရေးပါသောကဏ္ဍမှ ပါဝင်နေသည်။ နှစ်နိုင်ငံနယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင် နယ်စပ်ဂိတ်စုစုပေါင်းရှစ်ခုရှိသည်။ လက်ရှိအခြေအနေတွင် နယ်မြေလုံခြုံရေးအခြေအနေအရ အဆိုပါနယ်စပ်ဂိတ်ရှစ်ခုအနက် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တစ်ခုသာဖွင့်လှစ်ထားနိုင်သည်။ ကျန်နယ်စပ်ဂိတ်ခုနစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကြောင့် ရပ်တန့်ထားရသည်။ နှစ်နိုင်ငံကုန်သွယ်ရေး ထိခိုက်ခဲ့သည်။ နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုနေသောကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်ဒေသမတည်ငြိမ်မှုများကြောင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစီပယ်ဒေသများ၏ စီးပွားရေးထိခိုက်လျက်ရှိသည်ဟု သိရသည်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပါက ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစီပယ်ဒေသ၊ ကွမ်ရှီးပြည်နယ် နန်နင်းမြို့အထိ ကုန်သွယ်ရေးလမ်းကြောင်းအား တိုးချဲ့ဆောင်ရွက်သွားနိုင်သည်။ အဆိုပါကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံအတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်းဒေသ၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ မြန်မာနိုင်ငံကို ပေါင်းကူးတံတားအနေဖြင့် အသုံးပြုပြီး အာဆီယံနိုင်ငံများသို့လည်း စီးပွားရေးဆိုင်ရာချိတ်ဆက်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် လူဦးရေထူထပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားတွင် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံစည်းရာဗဟိုချက်ဖြစ်သည့်အတွက် အခွင့်အလမ်းများစွာရှိသည့်နိုင်ငံဖြစ်ရာ ဦးစွာအရေးကြီးသည့် နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် နိုင်ငံအချင်းချင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။