Skip to main content

ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့

၂၀၂၁ ခုနှစ်က ကမ္ဘာတစ်ဝန်းရှိ အသက် ၁၅ နှစ်နှင့် အထက်လူများ၏ စာတတ်မြောက်မှုနှုန်းမှာ ၈၆ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ အရွယ်ရောက်ပြီးသည့် စာမတတ်သူလူဦးရေမှာ အရေအတွက်အားဖြင့် ၇၇၃ သန်းရှိနေရာ လူတိုင်းစာတတ်မြောက်ရေးသည် ကမ္ဘာတစ်ခွင် ဆက်လက်ဆောင်ရွက်ကြရဦးမည့် လူသားမျိုးနွယ်တို့၏ တာဝန်တစ်ရပ်ဖြစ်နေသေးသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ အသက် ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်းရှိနေရာ စာတတ်မြောက်ရေးလှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

စာတတ်မြောက်ခြင်းသည် လူတိုင်းအတွက် အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး စာတတ်မြောက်ခြင်းအားဖြင့် လူတစ်ယောက်၏ ဘဝဖြစ်တည်လာမှုအပေါ် ပိုမိုကောင်းမွန်သော ခံစားမှုတို့ကိုရရှိစေနိုင်သည်။ စာတတ်မြောက်မှုကို အခြေခံအားဖြင့် စာဖတ်တတ်၊ စာရေးတတ်ခြင်းဟု ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုနိုင်သော်လည်း မျက်မှောက်ကာလတွင်မူ စာတတ်မြောက်ခြင်းကို ပိုမို၍ကျယ်ဝန်းစွာ အဓိပ္ပာယ်ဖွင့်ဆိုလာကြသည်။ စာတတ်မြောက်ခြင်းဆိုသည်မှာ အကြောင်းအရာအမျိုးမျိုးတို့ကို နားလည်နိုင်စေရေးနှင့် ဆက်သွယ်မှုပြုနိုင်ရေးအတွက် ဖတ်ခြင်း၊ ရေးခြင်း၊ ပြောခြင်း၊ နားထောင်ခြင်းနှင့် ကိန်းဂဏန်းများကို အသုံးပြုနိုင်ခြင်းဆိုင်ရာ စွမ်းရည်ဖြစ်သည်ဟုဆိုသည်။ ဤသည်မှာ အစဉ်အလာအားဖြင့်ရှိခဲ့သော စာဖတ်ခြင်း၊ စာရေးခြင်းတို့အပြင် မျက်မှောက်ကာလခေတ်နှင့်အညီ လူတန်းစေ့နေနိုင်ရန် တစ်နည်းအားဖြင့် ခေတ်နှင့်အညီ ရင်ပေါင်တန်း၍ အလုပ်လုပ်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်အောင်မြင်နိုင်ရန် လိုအပ်သည့် ဒစ်ဂျစ်တယ်၊ မီဒီယာနှင့် ငွေကြေးဆိုင်ရာ တတ်မြောက်ကျွမ်းကျင်မှုတို့ပါ ပါဝင်လာခြင်းဖြစ်သည်။

ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် လူတိုင်းစာဖတ်ခြင်း၊ စာရေးခြင်းတို့သာမက ဒစ်ဂျစ်တယ်ပစ္စည်းကိရိယာများဖြစ်သည့် ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာများ၊ အင်တာနက်အွန်လိုင်းအသုံးပြုတတ်သည့်စွမ်းရည်(Digital Literacy)၊ အွန်လိုင်းမီဒီယာများကို အသုံးပြု၍ သတင်းအချက်အလက်များပေးပို့ခြင်း၊ အွန်လိုင်းမီဒီယာများပေါ်မှ သတင်းအချက်အလက်များကို နားလည်ခြင်းနှင့် ဟုတ်မဟုတ်၊ မှန်မမှန်ဝေဖန်ချင့်ချိန်နိုင်သည့် စွမ်းရည် (Media Literacy)၊ ငွေကြေးကို အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းရည် (Financial Literacy)တို့သည်လည်း လူတိုင်းတတ်မြောက်ရန် လိုအပ်လာသည်။ စာဖတ်၊ စာရေး၊ ဒစ်ဂျစ်တယ်၊ မီဒီယာနှင့်ငွေကြေးတို့ကို လူတိုင်းတတ်မြောက်ပါမှ မိမိတို့ဘဝကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။

ယခုနှစ်နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ်မှာ “ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” (Promoting literacy in the digital era) ဟူ၍ ဖြစ်ရာဒစ်ဂျစ်တယ်ခေတ်တွင် အခြေခံ အရေး၊ အဖတ်၊ အတွက် မတတ်ပါက အထက်တွင်ဖော်ပြခဲ့သည့် ဒစ်ဂျစ်တယ်တတ်မြောက်မှု၊ မီဒီယာတတ်မြောက်မှုနှင့် ငွေကြေးတတ်မြောက်မှုတို့ကိုပါ ဆုံးရှုံးနိုင်သည်ကို အသိပေးထားပြီး ဒစ်ဂျစ်တယ်ခေတ်နှင့်အပြိုင် ရင်ပေါင်တန်းရပ်တည်နိုင်ရန်အတွက် စာတတ်မြောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် နှိုးဆော်ထားခြင်းလည်းဖြစ်သည်။ သို့ဖြစ်ရာ ဒစ်ဂျစ်တယ်ခေတ်တွင် စာမတတ်ပါကခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စွမ်းလည်း ကင်းမဲ့မည်ဖြစ်ရာ လူတိုင်းစာတတ်မြောက်ရေး အရှိန်အဟုန်မြှင့် တွန်းအားပေးဆောင်ရွက်ကြရပါမည့်အကြောင်း။ ။