Skip to main content

ကမ္ဘာ့အခင်းအကျင်းသစ်မှ မြန်မာ့အခွင့်အလမ်းရယူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ အဆိုပါအလုပ်သဘောခရီးစဉ်သတင်းများကို နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်းရှိ တရားဝင်သတင်းမီဒီယာများမှတစ်ဆင့် သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အဆိုပါခရီးစဉ်သည် မိမိတို့နိုင်ငံနှင့် ပြည်သူများ၏ အကျိုးဖြစ်ထွန်းမှုအတွက် အလားအလာကောင်းများစွာကို ရရှိနိုင်ခဲ့သည်ဟု သိရှိနားလည်ကြပြီးလည်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏ အလုပ်သဘောခရီးစဉ်အတွင်း တက်ရောက်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး (SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတို့မှာ လွန်စွာကြီးကျယ်ခမ်းနားသလောက် ထူးခြားလေးနက်သည့် အနက်အဓိပ္ပာယ်များနှင့် ပြည့်ဝနေသော သမိုင်းဝင်အစည်းအဝေး၊ သမိုင်းဝင်အခမ်းအနားများဖြစ်သည်။ တစ်နည်းအားဖြင့် ဗဟုဝင်ရိုးကမ္ဘာ၏ သမိုင်းဝင်မြင်ကွင်းများကို သတင်းများမှတစ်ဆင့် မိမိတို့မြင်တွေ့ခဲ့ကြရခြင်းဖြစ်ပြီး ကမ္ဘာ့ရေးရာများတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံနှင့် နောက်လိုက်တစ်စုတို့က အနိုင်ကျင့် စိုးမိုးခြယ်လှယ်မှုများကို အသစ်ပေါ်ထွန်းလာသည့် အင်အားများက ဖယ်ရှား၍ အိုင်ဒီယာသစ်များ အစားထိုးနေရာယူလာခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ကြရခြင်းလည်းဖြစ်သည်။

တီယန်ကျင်းမြို့တွင် စက်တင်ဘာ ၁ ရက်က ကျင်းပသည့် SCO ထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အခြားဖိတ်ကြားထားသည့် နိုင်ငံ ၂၄ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတကြီး H.E.Mr. Xi Jinping က Global Governance Initiative နှင့်ပတ်သက်ပြီး အချက်(၅) ချက်ကို တင်သွင်းခဲ့ရာ နိုင်ငံအများစုက ထောက်ခံခဲ့ကြသည်။ အနှစ်ချုပ်အားဖြင့် မျက်မှောက်ကာလ ဧကဝင်ရိုးကမ္ဘာအခင်းအကျင်းမှ ဗဟုဝင်ရိုးကမ္ဘာအခင်းအကျင်းသို့ အပြောင်းအလဲတွင် ကမ္ဘာ့ရေးရာများ၌ နိုင်ငံအများစုပါဝင်ထိန်းချုပ်ရန် နိုင်ငံအများစုပါဝင်၍ ကမ္ဘာ့ရေးရာများကို ဆောင်ရွက်ရန်၊ တရားမျှတမှုရှိရန်နှင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစား ရန်တို့ဖြစ်သည်။ ယင်းသို့သောအချက်များက ဧကဝင်ရိုးကမ္ဘာအခင်းအကျင်းတွင် ဖိအားပေးမှု၊ စွက်ဖက်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအဖို့ အားသာချက်များကို ဖြစ်ပေါ်စေပြီး တရားမျှတမှုကို ပြန်လည်ရရှိစေသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ရန်အတွက် မြန်မာနိုင်ငံက တရားဝင်အဆိုပြုထားရာ အောင်မြင်မည့် အလားအလာများရှိနေသည်။ နိုင်ငံတော်အကြီးအကဲသည် အလုပ်သဘောခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံသမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် နိုင်ငံရေးအရလည်းကောင်း၊ နိုင်ငံတကာရေးအရလည်းကောင်း၊ အသိအမှတ်ပြုမှုများ၊ မိမိတို့နိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် အသိအမှတ်ပြုထောက်ခံအားပေးမှုများကို ရရှိခဲ့သည်။ ထို့အပြင် SCO အစည်းအဝေးတက်ရောက်ရာတွင် မလေးရှားဝန်ကြီးချုပ်အပါအဝင် အခြားခေါင်းဆောင်များနှင့်လည်း အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ရာ နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းစေခဲ့သည်။

ဗဟုဝင်ရိုးကမ္ဘာ အခင်းအကျင်းသည် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းသစ်များနှင့်အတူ ပေါ်ထွက်လာသည့် အခြေအနေဖြစ်ပြီး မိမိတို့အနေဖြင့် ထိုအခွင့်အလမ်းများကို ဆုပ်ကိုင်ရယူနိုင်ဖို့ အရေးကြီးသည်။ မိမိတို့နိုင်ငံကို မိမိတို့အင်အားဖြင့်သာ အဓိကတည်ဆောက်ကြရခြင်းဖြစ်ပြီး ပြင်ပမှလာသည့် အခွင့်အလမ်းများနှင့် အထောက်အကူများဖြင့် အရှိန်အဟုန်မြင့်မားအောင် မြှင့်တင် ကြရခြင်းဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးတို့ကို နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် တည်ဆောက်ကာ ဗဟုဝင်ရိုးကမ္ဘာအခင်းအကျင်းတွင် ဂုဏ်သိက္ခာမြင့်မားထည်ဝါစွာ ရပ်တည်ကြရပါမည့်အကြောင်း။ ။