သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးအလေးအမြတ်ထားကြသော နေ့တစ်နေ့ဖြစ် ပါသည်။ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားကို အကြောင်းပြုကာ အဘိဓမ္မာခုနစ်ကျမ်းကို ဝါတွင်းသုံးလ ကာလတွင် ဟောတော်မူပြီး သီတင်းကျွတ်လပြည့် ညတွင် တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ကြွမြန်းဆင်းသက်တော် မူ၏။ တာဝတိံသာ ၌ အဘိဓမ္မာတရားဟောကြားတော်မူ၍ ပြန်လည် သက်ဆင်းလာသည်ကို အလေးအမြတ်ပြုကာ အဘိဓမ္မာနေ့ဟု ခေါ်ဝေါ် သမုတ်ကြ၏။ လူအများတို့သည် ဆီမီးများထွန်းညှိကာ မြတ်စွာဘုရား ကို ကြိုဆိုပူဇော်ကြသည့် အထိမ်းအမှတ်ဖြင့် ယနေ့ထက်တိုင် ဆီမီး ပူဇော်ခြင်း၊ ပွဲလမ်းသဘင်များ ဆင်ယင် ကျင်းပခြင်း စသည့်အစဉ်အလာ ပွဲတော်တစ်ခု ဖြစ်လာပါသည်။
မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အမူအလေ့အရ နိုင်ငံတွင်းရှိ မတူသော ယုံကြည်ကိုးကွယ်မှု၊ ခြားနားသော ဓလေ့ထုံးစံ၊ ကွဲပြားသော ယဉ်ကျေးမှုတို့ကိုအခြေပြုသည့် မည်သို့သော ပွဲတော်မျိုးကိုမဆို အတူတကွ ပျော်ရွှင်ကြလေ့ရှိသည့်အတိုင်း သီတင်းကျွတ်ပွဲတော်တွင်လည်း ဘာသာလူမျိုးမခွဲ နိုင်ငံတွင်းရှိသူတို့ အားလုံး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပေသည်။ ဤသို့ဖြင့် သီတင်းကျွတ်ပွဲတော်သည် မီးရောင်စုံ များဖြင့် ထွန်းညှိ စည်ကားကြသည့် ပျော်ရွှင်စရာပွဲတော် ရက်တစ်ရက် ဖြစ်ပါ၏။
သီတင်းကျွတ်ပွဲတော်၏ အစဉ်အလာအတိုင်း ကပွဲ၊ ဇာတ်ပွဲ၊ အငြိမ့် အစရှိသည့် ပွဲများနှင့်အတူ အစားသောက်၊ အသုံးအဆောင် ပျော်ရွှင်စရာ ဈေးတန်းများက လူအများကို ဆွဲဆောင်လေ့ရှိ၏။ နိုင်ငံသား တို့သည် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ကာ လမ်းပေါ်ထွက်ကြ၊ ပွဲဈေးလျှောက်ကြဖြင့် လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲကျင်းပကြလေသည်။
ယနေ့မြန်မာနိုင်ငံတွင် ဤသို့လေးနက်မှုများ၊ မင်္ဂလာရှိသော ထူးမြတ်မှုများဖြင့် ပြည့်ဝနေသည့်သမယသည် အထွေထွေ ရွေးကောက်ပွဲပြုလုပ်မည့် အချိန်၊ ယင်းနှင့်အတူ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်မှုကြောင့် လူစုလူဝေးများ မပြုလုပ်သင့်သော အချိန်နှင့် တိုက်ဆိုင်နေပေသည်။
မည်သို့ပင်ရှိစေ လူ့ဘဝဟူသည် လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေတို့ကို ကြံ့ကြံ့ခံရင်ဆိုင်ရပ် တည်ရသော သဘာဝရှိသည့် အတိုင်း အကောင်းဆုံးရင်ဆိုင်ကြရမည် မဟုတ်ပါလော။
ထို့ပြင် လူ့ယဉ်ကျေးမှုသမိုင်းတစ်လျှောက် အတွေ့အကြုံများအရ အခက်အခဲ၊ အကျပ်အတည်းများ စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရလေလေ လူသား၏ စိတ်ဓာတ်သည် ပိုမိုခိုင်မာမြဲမြဲလာလေလေ၊ လူသား၏ ဆောင်ရွက် နိုင်မည့် စွမ်းရည်အင်အားသည် ပိုမိုမြင့်မားအားကောင်း လာလေလေ ဖြစ်ရမည်သာ။
ယနေ့ကာလ ကိုဗစ်ရောဂါပိုးကူးစက်ပျံ့နှံ့နေမှုသည် မြန်မာနိုင်ငံ အတွက်သာမက ကမ္ဘာတစ်ခုလုံးအတွက် အလွန်ကျပ်တည်းခက်ခဲ သောကာလဟု ဆိုရမည် ဖြစ်ပါသည်။ တတ်စွမ်းသလောက် ကာကွယ် တားဆီးနေ သည့်ကြားမှ အနောက်ကမ္ဘာနှင့် ဥရောပနိုင်ငံအချို့ ၏ ရောဂါကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှု အရေအတွက်မှာ ကြောက်ခမန်းလိလိ ဖြစ်နေပါသည်။ ယင်းကိုအကြောင်းပြု၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက လူစုလူဝေးများကို လျှော့ချနိုင်ရေး၏ အရေး ကြီးမှုကို ပြောဆိုနေပါသည်။ ။
ကိုဗစ်ရောဂါသည် လူစုလူဝေးများပြားမှုနှင့် လူထူထပ်မှုများကြောင့် ကူးစက်ပြန့်ပွားမှုနှုန်းမြင့်မား ရကြောင်းကို ပညာရှင်များက ရော၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကရော၊ အတည်ပြုထားပြီးဖြစ်ပါ သည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်ကို ပုံမှန်ဆင်နွှဲနေကြသည့် ပုံစံဖြင့် လူအများစည်ကားစွာ ကျင်းပခြင်းကို ရှောင်ကြဉ်ကြရန် လိုအပ်နေပါသည်။
အသက်အရွယ်ကြီးရင့်သူများ ကျန်းမာရေးအခြေအနေနှင့်လုပ်ငန်း တာဝန်များအရ လိုအပ်ချက်ရှိသူများသည် ကြိုတင်မဲများ စတင်ပေး နေကြရပြီဖြစ်ပါသည်။ ကျန်ရှိသော မဲပေးခွင့်ရှိသော ပြည်သူလူထုသည် ရွေးကောက် ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ရက်နေ့တွင် ရောဂါကာကွယ် ရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍စနစ် တကျမဲပေးကြခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ဝိုင်းဝန်းကာကွယ်ကြရင်း နိုင်ငံသားတို့၏ တာဝန်ကို ထမ်းရွက်နိုင်ကြပါမည်။
ထို့ပြင် ယခုသီတင်းကျွတ်အချိန်သည် အလုပ်ရုံများ၊ ရုံးများနှင့် ကျောင်းများ၏ ပိတ်ရက်ရှည်ကာလ များဖြစ်သည့် အားလျော်စွာ ယင်းပိတ်ရက်ရှည်ကာလကို အခွင့်ကောင်းတစ်ခုအနေဖြင့် သဘော ထားကာ အတတ်နိုင်ဆုံး အပြင်မထွက်ကြဘဲ အိမ်တွင်း၌ သည်းခံ နေထိုင်ကြရင်း မြတ်စွာဘုရား၏ ဂုဏ်တော်ကို သတိရပူဇော်နေကြ ခြင်းဖြင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာ ကာကွယ်နိုင် ကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)