ဒုတိယကမ္ဘာစစ်ကြီးသည် လူ့သမိုင်းတွင် အရက်စက်၊ အကြမ်းကြုတ်ဆုံး စစ်ပွဲကြီးဖြစ်ပြီး စစ်ဘက်၊ အရပ်ဘက် စုစုပေါင်းလူဦးရေ သန်း ၇၀ မှ ၈၅ သန်းအထိ သေဆုံးခဲ့ရသည်ဟု ခန့်မှန်းခဲ့ကြသည်။ လူမျိုးတုံးသတ်ဖြတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှု၊ ငတ်မွတ်ခေါင်းပါးမှုတို့ကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရာတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှ အရပ်သားပြည်သူများ တစ်နိုင်ငံလျှင် သန်းပေါင်း ၂၀ ထက်မနည်း သေဆုံးခဲ့ရသလို ဂျူးလူမျိုးခြောက်သန်းခန့်မှာလည်း လူမျိုးတုံးသတ်ဖြတ်ခံခဲ့ကြရသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ နောက်ထပ်ကမ္ဘာနှင့်ချီသော စစ်ပွဲကြီးများ ထပ်မံမပေါ်ပေါက်လာစေရန်၊ လူ့အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ နိုင်ငံငယ်များ ပြန်လည်ထူထောင်ရေးကူညီပံ့ပိုးပေးနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးကို ဦးဆောင်ဦးရွက်ပြုနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် စစ်နိုင်မဟာမိတ်နိုင်ငံများက ဦးဆောင်၍ ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့ကြသည်။ စစ်ပြီးခေတ် နိုင်ငံတကာအစီအစဉ်များကို ကုလသမဂ္ဂမှတစ်ဆင့် အကောင်အထည်ဖော်ရာတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံများအားလုံး တန်းတူရည်တူရှိမှုအပေါ်အခြေမခံဘဲ အရှေ့နှင့်အနောက် အုပ်စုနှစ်စု၏ ဝါဒရေးရာယှဉ်ပြိုင်မှုကသာ ဖုံးလွှမ်းနေခဲ့သည်။ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာ စီးပွားရေးအစီအစဉ်အောက်မှ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ဂတ်အဖွဲ့စသည့်အဖွဲ့အစည်းများကိုပါ အနောက်အုပ်စုက ဖြန့်ကြက်လွှမ်းမိုးထားခဲ့ရာ ၎င်းတို့နှင့်အလွန်းမသင့်သည့်နိုင်ငံများ အလုပ်ဖြစ်ရန် လွန်စွာခဲယဉ်းသည့် အခြေအနေမျိုးဖြစ်သည်။
စစ်ပြီးကာလကမ္ဘာ့ရေးရာများတွင် စိုးမိုးခြယ်လှယ်နိုင်ရန် အနောက်အုပ်စုနိုင်ငံများက အားထုတ်လုပ်ဆောင်နေမှုများနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်းက “ဗြိတိသျှနိုင်ငံသည် နိုင်ငံခြားရေးရာကိစ္စအဖြာဖြာတွင် အမေရိကန်၏ အကူအညီကို တောင်းယူလျက်ရှိနေပေသည်။ အမေရိကန်ပြည်ထောင်စုသည် ဗြိတိသျှနိုင်ငံကို ကူညီရိုင်းပင်းခဲ့သော်လည်း စင်စစ်မှာ ကမ္ဘာအရပ်ရပ်တွင် တန်ခိုးလုရန် အမျိုးမျိုးအဖုံဖုံ ဤနိုင်ငံနှစ်ခုသည် စီမံဆောင်ရွက်လျက်ရှိကြ သည်ကို တွေ့ရှိရပေသည်။ ဗြိတိသျှနယ်ချဲ့သမားတို့သည် မိမိတို့အကျိုးကိုကြည့်၍ စီးပွားရေး၊ ဘဏ္ဍာရေးနယ်များတွင် ရှေ့သွားလုပ်နိုင်ရန် စိုင်းပြင်းလျက်ရှိကြပေသည်။”ဟု အလယ်ပစ္စယံညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ ဒွိဝင်ရိုးကမ္ဘာ (Bipolar World) အခင်းအကျင်းမှာရော စစ်အေးပြီးဆုံးပြီးနောက် ဧကဝင်ရိုးကမ္ဘာ (Unipolar World ) အခင်းအကျင်း၌ပါ အနောက်အုပ်စုက ဦးဆောင်ခြယ်လှယ်နိုင်ခဲ့သည့်ကာလမှာ နှစ်ပေါင်း ၈၀ ခန့် ကြာမြင့်ပြီးသည့် မျက်မှောက်ကာလတွင် နိဂုံးချုပ်ခဲ့ပြီဖြစ်သည်။ ယနေ့ကမ္ဘာကြီးသည် နိုင်ငံကြီးတစ်နိုင်ငံနှင့် ၎င်း၏ နောက်လိုက်တစ်စုက ကမ္ဘာ့အစီအစဉ်ကြီးကို လိုသလိုကြိုးကိုင်ခြယ်လှယ်သည့်အခြေအနေမှ လွန်မြောက်ခဲ့ပြီဖြစ်သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ပူးပေါင်း၍ တည်ထောင်ခဲ့သော ထွန်းသစ်စစီးပွားရေးနိုင်ငံများအုပ်စု BRICS က ကမ္ဘာ့အစီအစဉ်ကြီးတွင် နှစ်ပေါင်းများစွာ အနောက်အုပ်စုကကြီးစိုးခဲ့သည့်အစဉ်အလာကို စိန်ခေါ်နေပြီဖြစ်သကဲ့သို့ တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့ပူးပေါင်း၍ ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီးမှာလည်း ကမ္ဘာ့လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ရှေ့သို့လှမ်းချီလာပြီဖြစ်ပြီး ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) အခင်းအကျင်းမှာ ပိုမိုထင်ရှားလာခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံဖြစ်ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေးအတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများ၊ အရင်းအမြစ်ကောင်းများရှိပြီးဖြစ်ရာ စီးပွားရေးတိုးတက်မြင့်မားလာစေရန် ရင်းနှီမြှုပ်နှံမှုများ၊ နည်းပညာများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ရရှိသည်နှင့်အမျှ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးချက်များမှ ထွက်ပေါ်လာသည့် အကျိုးရလဒ်များက နိုင်ငံတော်အတွက် အကျိုးရလဒ်ကောင်းများစွာ ဖြစ်ထွန်းစေနိုင်ပါမည့်အကြောင်း။ ။