နေပြည်တော် အောက်တိုဘာ ၃၀
ကမ္ဘာ့ကုလသမဂ္ဂတွင် ဘုံအကျိုးစီးပွားအတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန်တို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် Group of 77 (G-77) အဖွဲ့ ဝင်နိုင်ငံများအကြား ရာသီဥတုပြောင်းလဲမှုလျော့နည်းသက်သာစေရေး ၂၀၃၀ အစီအစဉ်တွင် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်အား ထိန်းကြောင်းခြင်း (Maintaining a Low Carbon Development Path towards the 2030 Agenda in the era of COVID-19) ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ် ဖြင့်ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်သည်။
အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (G-77) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော the Cooperative Republic of Guyana နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးမှ သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး the Cooperative Republic of Guyana နိုင်ငံသမ္မတ၊ ကမ္ဘာ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အလှည့်ကျဥက္ကဋ္ဌ ချီလီ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့က အဖွင့်အမှာ စကားပြောကြားသည်။
ယင်းနောက် (G-77) အဖွဲ့ဝင် ဝန်ကြီးအဆင့် အစည်းအဝေးဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ “ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် အလေးအနက် တိုက်တွန်းချက် များ” အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ဖွံဖြိုးတိုးတက်မှု အစီ အစဉ်တိုင်းတွင် ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ မူဝါဒနှင့်နည်းဗျူဟာများကို ပေါင်းစပ် ထည့်သွင်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်ကတည်းက တိကျပြတ်သားသည့် မူဘောင်များ ချမှတ်ထားခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိနှင့် အနာဂတ် မျိုးဆက်တို့အတွက် ရာသီဥတု ပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိသော၊ ကာဗွန်ထုတ် လွှတ်မှုနည်းပါးသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ရန်ရေရှည်ရည်မှန်းချက်များထားရှိပြီး လုပ်ဆောင်လျက်ရှိကြောင်း။
လက်ရှိအချိန်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မိုးကြီး ရေလျှံခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ မုန်တိုင်းများတိုက်ခက်ခြင်း၊ မြေပြို ခြင်းများသည် ယခင်ကထက် ပိုမိုဖြစ်ပွားလာပြီး ထိခိုက်ဆုံးရှုံးများမှာလည်း ယခင်ကထက် ပိုမိုများပြား ပြင်းထန်လာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ထိခိုက်ပျက်စီးလွယ်မှုနှင့် ဆုံးရှုံးနိုင် ခြေရှိမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ရေရှည်တွင် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ် မှုလျော့ချရေးအတွက် ဆောင်ရွက်ရမည်ဖြစ်သလို လတ်တလောတွင်လည်း ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးကိုလည်း ချက်ခြင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုအကျိုးဆက်များ ခံစားနေရသည့် နိုင်ငံများအနေဖြင့် သစ်တောအတန်းအစားကျဆင်းမှုများမှ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးအပါအဝင် သဘာဝ အား အခြေခံသည့် ဆောင်ရွက်မှုများ Nature-based Solutions များ တိုးမြှင့်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသောဖွံ့ဖြိုးမှု ၂၀၃၀ အစီအစဉ် အတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေနှင့်လေစွမ်းအင်အရင်းအမြစ်များ တိုးမြှင့်သုံးစွဲ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန်ကာလများတွင် စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေရေး ကုစားဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိသော အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် အရေး ကြီးကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အလားအလာရှိသော အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ထိရောက် သိသာထင်ရှားသည့် ရလဒ်များရရှိနိုင်မည်ဟု ကျွန်တော်တို့အနေဖြင့် ယုံကြည်ပါကြောင်း၊ တကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပါရီသဘောတူညီချက်နှင့် ကိုဗစ်-၁၉ ရောဂါတိုက် ဖျက်မှုတို့အပေါ် အောင်မြင်နိုင်မည်ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် (G-77) အဖွဲ့ဝင်(၁၀)နိုင်ငံတို့မှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ တက်ရောက်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)