နေပြည်တော် စက်တင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် တီယန်ကျင်းဘူတာမှ ပေကျင်းမြို့သို့ အထူးအမြန်ရထားဖြင့် ထွက်ခွာကြသည်။
ထိုသို့ထွက်ခွာစဉ် တီယန်ကျင်းဘူတာရုံ၌ တီယန်ကျင်းမြို့ မြူနီစီပယ်အစိုးရမှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် တရုတ်နိုင်ငံမှပြည်သူများက ဘူတာရုံလျှောက်လမ်း၌ နိုင်ငံအလံများဝှေ့ယမ်း၍ နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အထူးအမြန်ရထားဖြင့် စီးနင်းလိုက်ပါကြပြီး လမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၊ Southern Station ဘူတာသို့ ရောက်ရှိကြရာ ပေကျင်းမြူနီစီပယ်အစိုးရမှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တရုတ်နိုင်ငံပြည်သူများက ဘူတာရုံလျှောက်လမ်းတစ်လျှောက် အလံများဝှေ့ယမ်း၍ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြပြီး ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။