မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့ Tangla Hotel ၌ ဩဂုတ် ၃၁ ရက်က ကျင်းပသည့် အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့် တာဝန်ရှိသူများအား နိုင်ငံတော်အကြီးအကဲက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍လည်း ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ရေ၊ မြေအရင်းအမြစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်များပေါများသည်။ လူသားအရင်းအမြစ်လည်း အများအပြားရှိသည်။ ပထဝီအနေအထားအရလည်း အချက်အချာကျသည်။ တရုတ်နိုင်ငံနှင့် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး နှစ်ဖက်ကူးသန်းသွားလာနိုင်သည့် နယ်စပ်ဝင်ထွက်ပေါက်များစွာရှိနေရာ တရုတ်အနောက်ပိုင်းပြည်နယ်များအဖို့ အိန္ဒိယသမုဒ္ဒရာနှင့် ဆက်သွယ်နိုင်သည့် အနီးဆုံးလမ်းကြောင်းလည်းဖြစ်သည်။ သို့ဖြစ်ရာ တရုတ်-မြန်မာ နှစ်နိုင်ငံအကျိုးစီးပွား၊ နှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းနိုင်သည့် အလားအလာကောင်းများ မြန်မာနိုင်ငံတွင်ရှိနေသည်။
အထက်ဖော်ပြပါ တွေ့ဆုံပွဲတွင် နိုင်ငံတော်အကြီးအကဲက “ မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership- RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်ကို အတည်ပြုပေးခဲ့ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူ စာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု ဒေသဆိုင်ရာ သဘောတူစာချုပ် (ACFTA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပါ အကာကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအမံများကြောင့် မိမိတို့နှစ်နိုင်ငံအကြားအပြင် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပါ ခိုင်ခိုင်မာမာ တိုးမြှင့်ဆောင်ရွက်သွားနိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း။” ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိ တရုတ်-မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်ကဏ္ဍတွင်ရှိသည်။ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိသည့်အနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဒုတိယမြောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံမှုပြုနိုင်သည့် ကဏ္ဍများစွာလည်းရှိနေသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များ ရှာဖွေခြင်းသည် နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုကို မြင့်မားလာစေပြီး စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးရန်၊ နိုင်ငံရပ်ခြားမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ခေတ်မီနည်းပညာများ ပြည်တွင်း၌ရရှိလာစေရန်၊ ပြည်ပသို့ ပို့ကုန်အမယ် သစ်များတင်ပို့နိုင်စေရန်၊ နိုင်ငံခြားငွေစီးဆင်းမှုကောင်းမွန်စေပြီး ပြည်ပငွေလဲနှုန်းတည်ငြိမ်စေရန်၊ ပြည်တွင်း၌ ဈေးကွက်ပြိုင်ဆိုင်မှု ဖြစ်ပေါ်လာစေရန်၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံနိုင်လာစေရန် စသည့် ရည်ရွယ်ချက်အများအပြားရှိသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အများအပြားဝင်ရောက် လာစေရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုနှင့် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများကောင်းမွန်မှု၊ လျှပ်စစ်ကဲ့သို့သောစွမ်းအင်များ ပြည့်စုံဖူလုံမှုတို့ကလည်း အရေးပါသည်။ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် လိုအပ်ချက်များဖြည့်ဆည်းခြင်း၊ အတားအဆီးအနှောင့်အယှက်များ ဖယ်ရှားခြင်းတို့တွင် ပြည်သူတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။