Skip to main content

အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း နှင့် ပတ်သက်၍  ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြ

တောင်ကြီး    အောက်တိုဘာ ၃၀

သစ်တောဦးစီးဌာနသည် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှစတင်၍ ၂၀၄၉-၂၀၅၀ ဘဏ္ဍာနှစ်အထိ နှစ် ၃၀ စီမံကိန်းချမှတ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမ(၁၀)နှစ် စီမံကိန်းဖြစ်သည့် ၂၀၂၀-၂၀၂၁ ခုနှစ်မှ၂၀၂၉-၂၀၃၀ ခုနှစ်အထိ ပထမ(၁၀)နှစ် စီမံကိန်း ဆောင်ရွက်မည့် အစီစဉ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ သစ်တောဦးစီးဌာနက ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့က (virtual) Online စနစ်ဖြင့် ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းရာတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ရေဝေရေလဲအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်ဦး က စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် က စီမံကိန်း၏ ရေရှည်မျှော်မှန်းရလဒ်မှာ အင်းလေး ကန်ရေဝေရေလဲဒေသဂေဟစနစ် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်းလာစေပြီး အင်းလေးကန် ရေရှည် တည်တံ့ စေလျက် ဒေသခံများ၏ လူမှုစီးပွားရေးအခြေအနေများဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ကြောင်း၊ စီမံကိန်း၏ ပထမနှစ်ဖြစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကနဦးလေ့လာဆန်းစစ်ခြင်းကို စတင်ဖော်ဆောင်သွား မည်ဖြစ် ကြောင်း ၊ စီမံကိန်းကို အင်းလေး ရေဝေရေလဲဧရိယာအတွင်း ကျရောက်သည့် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များ ဖြစ်သော တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် များဖြစ်သော ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များဖြစ်သောရွာငံ၊ ပင်းတယတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)